မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် အရေးကြီးဆုံးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဘန်ကောက် အလွတ်သဘောအစည်းအဝေးတွင် တောင်းဆို
ရန်ကုန်၊ ဒီဇင်ဘာ ၂၀
မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အရေးကြီးဆုံးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က တောင်းဆိုလိုက်သည်။
ယနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သည့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတွင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ထိုသို့ ထုတ်ဖော်တောင်းဆိုခဲ့ကြောင်း သူ၏ လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။
ယနေ့ အလွတ်သဘောအစည်းအဝေးတွင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာစစ်တပ်က လိုက်နာရန် ထပ်မံအတည် ပြုခဲ့ကြောင်း၊ အထူးသဖြင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ ငြိမ်းချမ်းပြီး တာရှည်ခံသည့် အဖြေတစ်ခုရရှိရေး သက်ဆိုင်သူများအားလုံးအကြား အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှု မရှိ မဖြစ် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် သင့်မြတ်ရေးအတွက် အဓိက အရေးကြီးဆုံးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၄ နှစ်အတွင်း မြန်မာ့အခြေအနေမှာ ဆိုးရွာနေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ပဋ္ဋိပက္ခများကြောင့် ပြည်သူများမှာ ကြီးမားသော အခက်အခဲများကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ အာဆီယံအနေဖြင့် မြန်မာပြည်သူများ၏ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် တိုးတက်ရေးကို အလေးထားကြောင်း ပြောဆိုသည်။
မြန်မာ့အရေးအတွက် သက်ဆိုင်သူအားလုံးပါဝင်သည့် အစည်းအဝေးကို အာဆီယံက ကမကထပြုကျင်းပရေး ထောက်ခံပြီး လာမည့် အာဆီယံဥက္ကဋ္ဌ အဖြစ်တာဝန်ယူမည့် မလေးရှားနိုင်ငံနှင့်အတူ အဆိုပါအရေးကိစ္စအပါအဝင် အဓိက အရေးကြီးသော လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုထားသည်။