ဒီပဲယင်းမြို့နှင့် မြို့နယ်တစ်ခုလုံးကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်မှုတွင် စစ်ကောင်စီဘက်မှ ၁၂၃ ဦး အလံဖြူထောင် လက်နက်ချ၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများလုပ်နေပြီး ရဟတ်ယာဉ်ဖြင့် စစ်ကူများချထားဟုဆို

by

in

ဒီပဲယင်းမြို့နှင့် မြို့နယ်တစ်ခုလုံးကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်မှုတွင် စစ်ကောင်စီဘက်မှ ၁၂၃ ဦး အလံဖြူထောင် လက်နက်ချ၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများလုပ်နေပြီး ရဟတ်ယာဉ်ဖြင့် စစ်ကူများချထားဟုဆို
ရန်ကုန်၊ ဩဂုတ် ၁၈

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နှင့် မြို့နယ်တစ်ခုလုံးကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်မှုတွင် အလံဖြူထောင် လက်နက်ချသူ ၁၂၃ ဦးရှိပြီး လက်ရှိတွင် စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် စစ်ကူများချပေးနေကာ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုထုတ်ပြန်သည်။
ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန် အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့၏ ကွပ်ကဲမှု ၊ ရွှေဘိုခရိုင်အတွင်းရှိ တပ် ရင်းများ၊ ရွှေဘိုခရိုင်ပကဖ၊ ဒီပဲယင်းမြို့နယ်ပကဖ၊ ဘုတလင်မြို့နယ်ပကဖ အပါအဝင် ပူးပေါင်းတပ်များက ဒီပဲယင်းမြို့​ရှိစစ်ကောင်စီတပ်နှင့် ပျူစောထီများ တပ်စွဲနေရာများကို ဝင်ရောက်တိုက်ခိုက်ထိန်းချုပ်လိုက်ကြောင်း သိရှိရသည်။
ထိုသို့ တိုက်ခိုက်သိမ်းပိုက်ရာတွင် ရေဦးမြို့မှ ထွက်လာသော စစ်ကောင်စီ စစ်ကူစစ်ကြောင်းကို ရေဦး၊ဒီပဲယင်းပကဖတပ်ဖွဲ့များက ထိရောက်စွာတားဆီးနိုင်ခဲ့ပြီး ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ ထွက်ပြေးသွားကြကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကောင်စီတပ်ဘက်မှ အလံဖြူထောင်​ လက်နက်ချပူးပေါင်းသူ စုစုပေါင်း ၁၂၃ ဦးရှိပြီး ပျူစောထီး ၂ ဦး၊ Non-CDM ဝန်ထမ်း ၄၁ ဦး၊ Non-CDM ဝန်ထမ်းမိသားစုဝင် ၈၀ ဦးရှိကြောင်း၊ အားလုံးကို ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း သိရှိရဥည်။
လတ်တလော စစ်ကောင်စီလက်ကျန်တပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က ဒီပဲယင်း၊ အောင်ချမ်းသာကျေးရွာတွင် စစ်ကူများ ချထားပေးသွားသည်ဟု သတင်းများထွက်ပေါ်လျက်ရှိကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
“အခုက နယ်မြေရှင်းလင်းရေးတစ်ဖက်၊ လေကြောင်းရန်တစ်ဖက်နဲ့မို့ အခြေအနေအသေးစိတ်ပြောလို့မရသေးပါဘူး” ဟုဒီပဲယင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒေသတော်လှန်ရေးသတင်းရင်းမြစ်ကမူ “နမခကနေ လာတဲ့ Mi35 ရဟတ်ယာဉ်နဲ့ ဒီပဲယင်းမြို့နဲ့ အနီးဝန်းကျင်ကို လေ ကြောင်းတိုက်ခိုက်မှုတွေရှိနေပါတယ်။ နောက်ပြီး Mi 17 ရဟတ်ယာဉ် ၂ စီးနဲ့ ဒီပဲယင်းအနီး အောင်ချမ်းသာရွာနားမှာ စစ်ကူတွေ ချသွားတယ်လို့ သတင်းတွေထွက်နေတယ်” ဟု ပြောဆိုသည်။