KIA က သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ နယ်စပ်ဂိတ်ကို တရားဝင် ပြန်လည် ဖွင့်လှစ်ပြီး ကုန်ကားများ စတင်ဝင်ထွက်၊ စစ်ကောင်စီ အသုံးပြုခဲ့သော ဝါစိမ်းနီအလံနှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တံ ဆိပ်၊ စာသားမျာ အားလုံး ဖယ်ရှားထား
ရန်ကုန်၊ ဒီဇင်ဘာ ၁၆
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ရှိ တရုတ်-မြန်မာနယ် နယ် စပ် ဂိတ်ကို တရုတ်နှင့် KIA နှစ်ဖက်စလုံးက ပြန်လည်ဖွင့်လှစ်လိုက်ပြီး ကုန် ကားများ စတင်ဝင်ထွက်နေပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် အဆိုပါ လွယ်ဂျယ်မြို့ တရုတ်-မြန်မာနယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ပြီး နှစ်ဖက်စလုံး အတား အဆီးများကို ဖယ်ရှားလိုက်ကြောင်း၊ လက်ရှိတွင် ကုန်ကားများ ပုံမှန်အတိုင်း စတင်ဝင်ထွက်နေပြီဖြစ်ကြောင်း သိရှိရသည်။
KIO ၏ တရားဝင်ပြန်ကြားရေး The Kachin Net ကလည်း လွယ်ဂျယ် နယ် စပ် ဂိတ်တရားဝင်ပြန်လည်ဖွင့်လှစ်ကြောင်း ယနေ့ ညနေပိုင်းတွင် တရားဝင် သတင်းထုတ်ပြန်ထားသည်။
“ကုန်ကားတွေ အဝင်အထွက် ပုံမှန် ပြန်လုပ်နေပြီ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြစ်သော လွယ်ဂျယ်ဂိတ်တွင် စစ်ကောင်စီတပ်က အသုံးပြုခဲ့သော နိုင်ငံတော်အလံ၊ တံဆိပ်နှင့် ပြည်ထောင်စုသမ္မတ မြန် မာ နိုင်ငံတော် ဆိုသော စာသားများအားလုံးကို ဖယ်ရှားထားပြီး KIO တံဆိပ်နှင့် အလံကိုသာ မြင်တွေ့ရကြောင်း သိရှိရသည်။
KIA က ယခုနှစ် ဧပြီလ ၂ ရက်နေ့တွင် လွယ်ဂျယ်မြို့နှင့် နယ်စပ်ဂိတ်များကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလဆန်းပိုင်းမှစတင်၍ တရုတ်နိုင်ငံသို့ သွားရောက်ပြီး ဆွေးနွေးမှုများ လုပ်ဆောင်နေချိန် တရုတ်နိုင်ငံက ပိတ်ပင်ထားသော နယ်စပ်ဂိတ်များအားလုံးကို ယခုဒီဇင် ဘာလ ၁၃ ရက်နေ့မှစတင်၍ တစ်ခုပြီး တစ်ခု ပြန်လည်ဖွင့်လှစ်လာနေခြင်းဖြစ်သည်။