စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ်ချိန် ပြည်ပကြွေးမြီ ပေးဆပ်ရမည့် ကျပ်သိန်းပေါင်းလေးသောင်းကျော်တန်ဖိုးရှိ အမေရိကန်ဒေါ်လာများကို MFTB ဘဏ်မှ ဦးဆောင် ညွှန်ကြားရေး မှူး ဒေါ်ကေသီနှင့်အပေါင်းအပါကုမ္ပဏီတို့က ခိုးယူ

by

in

စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ်ချိန် ပြည်ပကြွေးမြီ ပေးဆပ်ရမည့် ကျပ်သိန်းပေါင်းလေးသောင်းကျော်တန်ဖိုးရှိ အမေရိကန်ဒေါ်လာများကို MFTB ဘဏ်မှ ဦးဆောင် ညွှန်ကြားရေး မှူး ဒေါ်ကေသီနှင့်အပေါင်းအပါကုမ္ပဏီတို့က ခိုးယူ
■ မင်းအောင်လှိုင်က အလွဲသုံးစားခံရသည့် ဒေါ်လာငွေများပြန်ရရေး ပတ်သက်သူမှန်သမျှကို ဖမ်းဆီးခိုင်းနေပြီး ပိုင်ဆိုင်မှုများ သိမ်းနေ
ရန်ကုန်၊ ဩဂုတ် ၃

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှုကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန် ပြည်ပကြွေးမြီအဖြစ် ပေးဆပ်ရမည့် ကျပ်သိန်းပေါင်းလေးသောင်းကျော်တန်ဖိုးရှိ အမေရိကန်ဒေါ်လာများကို MFTB ဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီနှင့်အပေါင်းအပါ ကုမ္ပဏီတို့က ခိုးယူအလွဲသုံးစားလုပ်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံဘဏ်ဖြစ်သော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) မှ ငွေကျပ် သိန်းပေါင်း လေးသောင်းကျော် အလွဲသုံးစားမှုဖြင့် အဆိုပါဘဏ်၏ ဦးဆောင် ညွှန်ကြားရေးမှူး ဒေါ်ကေသီကို ဇူလိုင်လ ၁၂ ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း၊ MFTB က ပြည်တွင်းစီးပွားရေးကုမ္ပဏီတချို့နှင့်ပူး ပေါင်း၍ ငွေကျပ် သန်း ၄၀၀၀ ကျော်( သိန်းလေးသောင်းကျော်)နှင့်ညီမျှသော နိုင်ငံခြားငွေများ ကို အလွဲသုံးစားပြုခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။
၂၀၂၀ ခုနှစ်တွင် NLD အစိုးရက နိုင်ငံခြားသို့ ပေးရန် ခွင့်ပြုထားသည့် ပြည်ပကြွေးမြီ သိန်းပေါင်း လေးသောင်းကျော်တန်ဖိုးရှိ နိုင်ငံခြားငွေကြေး များကို MFTBဘဏ်၏ ဦးဆောင် ညွှန်ကြားရေးမှူး ဒေါ်ကေသီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်တွင် ကုမ္ပဏီတချို့နှင့်ပူးပေါင်း၍ အလွဲသုံးစားလုပ်ခဲ့ကြောင်း၊ယင်းငွေကြေးများကို ကုမ္ပဏီ ၉၇ ခုထံသို့ ချေး ငွေများအဖြစ် ပြန်လည်ထုတ်ချေးခဲ့ကြောင်း၊ ယင်းချေးငွေများကို နိုင်ငံတော်သို့ ပြန်လည် ပေးဆပ်ရန် မလိုဘဲ MFTB ၏ ဦးဆောင် ညွှန်ကြားရေးမှူး ဒေါ်ကေသီ ထံသို့ ပြန်လည်ပေးဆပ်ခိုင်းခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီကို စစ်ကောင်စီက စစ်ဆေးရန် ဖမ်းဆီးချုပ်နှောင်ထားကြောင်း၊ အမှုမှ အလွဲသုံးစားလုပ်ခံရသည့် နိုင်ငံခြားငွေများကို ပြန်လည်ရရှိရေး မင်းအောင်လှိုင်က ပတ်သူမှန်သမျှကို ဖမ်းဆီးခိုင်းနေကြောင်း၊ အလွဲသုံးစားငွေများကို ချေးငွေအဖြစ် ရယူထားသော ကုမ္ပဏီ ၉၇ ခုကိုလည်း စစ်ကောင်စီက ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများ၊ မြန်မာနှင့် နိုင်ငံတကာချိတ်ဆက်နေသော ကူးသန်းရောင်း၀ယ်မှုလုပ်ငန်းများအတွက် ငွေရေး ကြေးရေး ဆိုင်ရာလုပ်ငန်းများကို စစ်ကောင်စီလက်အောက်ခံ နိုင်ငံ တော်ပိုင်ဘဏ်တစ်ခုအနေဖြင့် ဝန် ဆောင်မှုပေးနေသော ဘဏ်တစ်ခုဖြစ်ကြောင်း သိရှိရသည်။