အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်၏ နောက်ဆုံး လက်ကျန်စခန်း ၂ ခုကို KIA ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့များက အပြင်းအထန် ထိုးစစ်ဆင် နေပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ ခုခံနေ

by

in

အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်၏ နောက်ဆုံး လက်ကျန်စခန်း ၂ ခုကို KIA ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့များက အပြင်းအထန် ထိုးစစ်ဆင် နေပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ ခုခံနေ
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ နောက်ဆုံး လက်ကျန်စခန်း ၂ ခုကို KIA ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့များက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်တပ်က လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကျဲ ခုခံနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းမှ စတင်ပြီး အင်းတော်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ နောက်ဆုံးလက်ကျန် စခန်း ၂ ခုဖြစ်သော စစ်တပ်ကုန်း (ဂျပန်လှိုဏ်ဂူကုန်း)နှင့် ဘုရားကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲစဖြစ်သည့်နေ့မှစ၍ ဂျက်ဖိုက်တာများဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လက်ကျန် စခန်းအနီးရှိ နေအိမ်အများအပြားလည်း စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးမှုကြောင့် ပြာကျခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စခန်း ၂ ခုသည် တောင်ကြောတစ်ခုတည်းပေါ်တွင် တည်ရှိပြီး စစ်တပ်က အခိုင်အမာ တပ်စွဲထားသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်ရန် ခက်ခဲနေခြင်းဖြစ်ကြောင်း၊ ယင်းစခန်း ၂ ခုကိုလည်း စစ်တပ်က ရဟတ်ယာဉ်ဖြင့် ရိက္ခာများ ဆက်တိုက် ပို့ဆောင်မှုများ ရှိနေကြောင်း သိရသည်။
“လက်ရှိအချိန်ထိကို တိုက်ပွဲက ဖြစ်နေတုန်းပဲ။ ၁၁ ရက်နေ့ ညနေပိုင်းကတည်း ဖြစ်နေတာ အင်းတော်မြို့မှာက စစ်တပ်ကုန်းနဲ့ ဘုရားကုန်း အဲစခန်း ၂ ခုတည်းပဲကျန်တော့တာ အဲ့ကုန်းနှစ်ခုက တဆက်တည်းဆိုတော့ စစ်ခွေးတွေက ကုန်းပေါ်က လက်နက်ခဲယမ်း အသာနဲ့ ပစ်ခတ် တိုက်ခိုက်နေတာ စစ်ခွေးတွေက ဂျက်ဖိုက်တာတွေနဲ့ ဗုံးကျဲ တိုက်ခိုက်နေတာတွေရှိတယ်။ မြို့တွင်းကတော့ စစ်ခွေးတွေ လေကြောင်းနဲ့ကျဲတာရော စစ်ခွေးတွေက မီးကျည်တွေနဲ့ပစ်တာရော မီးရှို့တာရော ဆိုတော့ စစ်တပ်ကုန်းနဲ့ ဘုရားကုန်းနီးမှာရှိတဲ့ နေအိမ် တော်တော်များများ မီးလောင် ပျက်ဆီးကုန်ပြီ” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ အင်းတော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် အင်းတော်မြို့ရဲစခန်း၊ ထွေ/အုပ်ရုံး၊ နဘားလမ်းဆုံနှင့် နဘားရွာဘုန်းကြီးကျောင်းရှိ စစ်စခန်းများကို KIA ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ အင်းတော် ရဲစခန်းနှင့်ထွေအုပ်ရုံးမှ ဆုတ်ခွာသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ အင်းတော်မြို့ရှိ ဒေသအခေါ် ဂျပန်လှိုဏ်ဂူတွင် တပ်မ ၇၇ ၏ ရှေ့တန်းဌာနချုပ်အဖြစ် ခံစစ် ပြင်ဆင်ခဲ့ကြောင်း၊ ထို့ပြင် ဂျပန်လှိုဏ်ဂူနှင့်မြေမျက်နှာသွင်ပြင် တစ်ဆက်တည်း ရှိနေပြီး မီတာ ၉၀၀ ကျော်သာ ကွာဝေးသည့် အင်းတော် မြို့မဘုန်းကြီးကျောင်းတွင်ပါ ခံစစ်အခိုင်အမာ တပ်စွဲ ပြင်ဆင်ထားကြောင်း သိရှိရသည်။
ယင်းနောက် စက်တင်ဘာလအတွင်း တိုက်ပွဲများ ခဏရပ်နားသွားပြီး နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ အင်းတော်မြို့သိမ်း တိုက်ပွဲများ ပြန်လည် ပြင်းထန်လာခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ၂၀၂၂ ခုနှစ်တွင် အင်းတော်မြို့နယ်၊ မဲဇာနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပြီး မီးလောင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)