မြန်မာနိုင်ငံတွင် တိုက်ပွဲများရပ်စဲစေရန် ညှိနှိုင်းဆွေးနွေးများ ဆောင်ရွက်နေပြီး တရုတ်စီမံကိန်းများနှင့်တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ဘေးကင်းလုံခြုံရေးအတွက် ပါ လုပ်ဆောင်နေဟု တရုတ်အစိုးရပြော
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
မြန်မာနိုင်ငံတွင် တိုက်ပွဲများရပ်စဲစေရန် တရုတ်နိုင်ငံက ဘက်ပေါင်းစုံနှင့် ညှိနှိုင်းဆွေးနွေးများ ဆောင်ရွက်နေပြီး တရုတ်စီမံကိန်းများနှင့်တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ဘေးကင်းလုံခြုံရေးအတွက် ပါ လုပ်ဆောင်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning က ပြောဆိုသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် KIA ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ ဆွေးနွေးညှိနှိုင်းရန် ရောက်ရှိနေသည်ဆိုသော သတင်းမေးမြန်းချက်အပေါ် ၎င်းက အထက်ပါအတိုင်း တုံပြန်လိုက်ခြင်းဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း အပါအဝင် တစ်နိုင်ငံလုံးတွင် ပဋိပက္ခ၊ကစဉ့်ကလျားဖြစ်မှုများကို မမြင်လိုဘဲ မြန်မာနိုင်ငံ မြောက်ပိုင်းအခြေအနေများကို အထူးအလေးထားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာ့အရေးသက်ဆိုင်သူများအားလုံးအကြား ဆွေးနွေးညှိနှိုင်းမှုများနှင့် တိုက်ပွဲများ ရပ်စဲမှုများ ဖြစ်ပေါ်စေရေး ကြိုးပမ်းလုပ်ဆောင်နေကြောင်း၊ ထို့ပြင် တရုတ်စီမံကိန်းနှင့် တရုတ်လုပ်ငန်းရှင်များ၏ ဘေးကင်းလုံခြုံရေးကို အာမခံပေးရန်လည်း ညှိနှိုင်းမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် တက်ကြွစွာ ဆက်လက်ပါဝင်ပြီး အကူအညီများ ဆက်လက်ပေးသွားမည်ဖြစ် ကြောင်း ၎င်းက ပြောဆိုသည်။
လက်ရှိတွင် KIO ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၈ ရက်နေ့ တရုတ်နိုင်ငံသို့ ထွက်ခွာသွားပြီး တရုတ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။