NUG နှင့် PDF များ၏ ရန်ပုံငွေရှာ Campaign များသို့ ပြည်တွင်းပြည်ပ ငွေကြေးလှူဒါန်းမှုနှင့် ငွေကြေးစီးဆင်းမှုများကို ဖိဖိစီးစီး စုံစမ်းဖော်ထုတ် အရေးယူရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြား

by

in

NUG နှင့် PDF များ၏ ရန်ပုံငွေရှာ Campaign များသို့ ပြည်တွင်းပြည်ပ ငွေကြေးလှူဒါန်းမှုနှင့် ငွေကြေးစီးဆင်းမှုများကို ဖိဖိစီးစီး စုံစမ်းဖော်ထုတ် အရေးယူရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြား
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် PDF များက လုပ်ဆောင်နေသော ရန်ပုံငွေရှာ Campaign များသို့ ပြည်တွင်းပြည်ပ ငွေကြေးလှူဒါန်းမှုနှင့် ငွေကြေး စီးဆင်းနေမှုများ ဆက်လက်တည်ရှိနေသည်ကို ဖိဖိစီးစီး စုံစမ်းဖော်ထုတ် အရေးယူရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြားလာကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
နေပြည်တော်စစ်ကောင်စီရုံး၏ ယခုရက်ပိုင်းအတွင်း အရေးပေါ် ညွှန်ကြားချက်တွင် ဆန့်ကျင်ဘက် NUGနှင့် PDF အဖွဲ့များက ခေါင်းစဉ်မျိုးစုံဖြင့် Campaign ပေါင်းစုံကို လုပ်ဆောင်နေကြကြောင်း၊ အဆိုပါ Campaign များတွင် ပြည်တွင်းမှ လှူဒါန်းမှုများ ရှိသည်ဟု ကြေညာမှုများရှိနေရာ မည်သည့်နည်းလမ်းများဖြင့် ငွေကြေးများ လှူဒါန်းနေကြသနည်း၊ မည်သူများက အဆိုပါ ငွေကြေးများကို ပါဝင်လှူဒါန်းနေကြသနည်းဆိုသည်ကို စုံစမ်းဖော်ထုတ် အရေးယူရန် လိုအပ်ကြောင်း၊ စစ်ဆေးရမည့် ပြည်တွင်း ဘဏ်စာရင်းများ၊ Pay Account များကို သေချာစွာ စိစစ်ရန်နှင့် လှူဒါန်းမှု ပြုလုပ်သူများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် ထိထိရောက်ရောက် အမှုဖွင့် အရေးယူရန်နှင့် စုံစမ်းဖော်ထုတ်ရန် ညွှန်ကြားလာကြောင်း သိရှိရသည်။
ဆန့်ကျင်ဘက်အဖွဲ့အစည်းများထံသို့ ငွေကြေးလှူဒါန်းမှုနှင့် စီးဆင်းမှုများမှာ အန္တရာယ်ရှိပြီး အချိန်မီ တားဆီးရန် လိုအပ်ကြောင်း၊ ထိုသို့ တားဆီးရာတွင် အိမ်နီးချင်းနိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်ကြရန်၊ ရန်ပုံငွေရှာ Campaign များတွင် အသုံးပြုနေသော အိမ်နီးချင်းနိုင်ငံများမှ ဘဏ်အကောင့်များကို သေချာစွာ မှတ်တမ်းတင်ပြီး နှစ်နိုင်ငံ ဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ဖော်ထုတ် ကန့်ကွက်ရန်နှင့် ဘဏ်အကောင့်များ ပိတ်သိမ်းနိုင်ရေးကိုပါ ဆောင်ရွက်ရန် ညွှန်ကြားလာကြောင်း သိရှိရသည်။
လတ်တလော NUG ၏ နွေဦးဖွံဖြိုးရေးဘဏ်က အိမ်ပြန်လှိုင်းသစ် အမည်ဖြင့် Campaign မှာ နိုဝင်ဘာလ ၁၅ ရက်နေ့မှစတင်ခဲ့ပြီး ယခုအခါ အမေရိကန်ဒေါ်လာ ၁၃ သန်း နီးပါရရှိနေပြီဖြစ်ကြောင်း နွေဦးဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ထားသည်။
ထို့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း ရန်ပုံငွေရှာသည့် Campaign များကို ပုံစံမျိုးဖြင့် ဆောင်ရွက်လျက်ရှိရာ တော်လှန်ရေးထီများ၊ Million Ticket ထီများနှင့် ကံစမ်းမဲရောင်းချ ရန်ပုံငွေရှာဖွေမှုများလည်း ပြုလုပ်နေကြပြီး ပြည်သူများကလည်း အင်တိုက် အားတိုက် ပါဝင်နေကြသည်။
ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်ကောင်စီအဖွဲ့ဝင်တချို့၏ အစည်းအဝေးမြင်ကွင်းတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)