NUG ရဲ့ နွေဦးဘဏ် အစုရှယ်ယာရောင်းချမှု ဒေါ်လာ ၁၀ သန်း ပြည့်မီသွားပြီး ရှယ်ယာဝယ်ယူခွင့် ၃ရက် ထပ်တိုး.. ပြည်တွင်းက တော်လှန်ပြည်သူတစ်ဦး ကျပ် သိန်း ၄၀၀၀ ကျော်ဖိုး တစ်ဦးတည်း ဝယ်ယူ..

by

in

NUG ရဲ့ နွေဦးဘဏ် အစုရှယ်ယာရောင်းချမှု ဒေါ်လာ ၁၀ သန်း ပြည့်မီသွားပြီး ရှယ်ယာဝယ်ယူခွင့် ၃ရက် ထပ်တိုး..
ပြည်တွင်းက တော်လှန်ပြည်သူတစ်ဦး ကျပ် သိန်း ၄၀၀၀ ကျော်ဖိုး တစ်ဦးတည်း ဝယ်ယူ..
ဒီဇင်ဘာ ၅၊ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဗဟိုဘဏ်ဖြစ်တဲ့နွေဦးဘဏ်က ICO Round 2 အိမ်ပြန်ခရီးစဉ်အဖြစ် အစုရှယ်ယာရောင်းချမှု ဒေါ်လာ ၁၀ သန်းပြည့်မီသွားတာကြောင့် ရှယ်ယာဝယ်ယူခွင့်ကို ၃ ရက်ထပ်မံ တိုးမြှင့်လိုက်တယ်လို့ နွေဦးဘဏ်က ထုတ်ပြန်ကြေညာပါတယ်။
အများပြည်သူရဲ့ ဝယ်ယူမှု များပြားလာတာကြောင့် ရှယ်ယူဝယ်ယူခွင့်ကို ထပ်မံရက်တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
နွေဦးဘဏ်က ICO Round 2 အိမ်ပြန်ခရီးစဉ်အဖြစ် အစုရှယ်ယာတွေကို ရောင်းချနေတာဖြစ်ပြီး ဒီနေ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ အမေရိကန်ဒေါ်လာ ၁၀ သန်းပြည့်မီသွားတာ ဖြစ်ပါတယ်။
“အကြောင်းအမျိုးမျိုးကြောင့် နည်းပညာ အခက်အခဲကို ကျော်လွှားပြီး အမိအရ ပါဝင်လိုတဲ့ နိုင်ငံတကာမှ ပြည်သူလူထု ကို လေးစားသောအားဖြင့် လည်းကောင်း ၊ ICO 2 နှင့် ပတ်သက်ပြီး ကောင်းနိုးရာရာ အကြံပြုကြတဲ့ နွေဦးပျားရပ်ဝန်းမှ တောင်းဆိုမှုကို ထောက်ရှုသောအားဖြင့်လည်းကောင်း ၊ နွေဦးဘဏ်၏ ဒါရိုက်တာဘုတ်အဖွဲ့မှ နောက်ဆုံးအခွင့်အရေး ရှယ်ယာဝယ်ယူခွင့်အား ဒီဇင်ဘာ (၈) ရက်နေ့ အထိ တိုးမြှင့်ပေးလိုက်ပါတယ် “လို့ NUG ရဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေး၊ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ ရှယ်ယာဝယ်ယူချင်ရင် ဒီဇင်ဘာလ ၈ရက်နေ့အထိ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။
“တစ်ဆယ် ၊ တစ်ရာ ၊ တစ်ထောင် က စလို့ သိန်းဂဏန်းအထိ နေ့စဥ် စက္ကန့်နှင့်အမျှ တခဲနက် အားပေးဝန်းရံမှုများကြောင့်သာ ဖြစ်ပါတယ်။ ဘုံအနာဂတ်ကို ရင်းနှီးမြှုပ်နှံကြသူ အစုစု၏ ယုံကြည်သက်ဝင်မှု ခွန်အားတိုင်းကို တန်းတူ တန်ဖိုးထား ဂုဏ်ယူတယ် “လို့ နွေဦးဘဏ်က သူရဲ့ဆိုရှယ်မီဒီယာကတဆင့် ကြေညာပါတယ်။
အစုရှယ်ယာကို ပြည်တွင်းပြည်ပက ဝယ်ယူမှုတွေရှိခဲ့ပြီး စံချိန်တင်အဖြစ် ပြည်တွင်းက တော်လှန်ပြည်သူတစ်ယောက်က ဒေါ်လာ တစ်သိန်း မြန်မာငွေဖြင့် ငွေကျပ်သိန်းလေးထောင် ကျော်ဖိုးဝယ်ယူခဲ့တယ်လို့လည်း သိရပါတယ်။