ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီ၏ ရုံးဌာနများကို KIA က ထိန်းချုပ်၊ စစ်တပ်၏ ပစ်ခတ်မှုများကြောင့်ပြည်သူ အနည်းဆုံး ၇ ဦးသေဆုံးပြီး မံစီမြို့တွင်လည်း တိုက်ပွဲပြင်းထန်နေ
ရန်ကုန်၊ ဒီဇင်ဘာ ၆
ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင် ယမန်နေ့ စစ်ကောင်စီတပ်များနှင့် KIA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် မြို့ထဲရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးအများစုကို တော်လှန်ရေးတပ်များက ထိန်းချုပ်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီမှစတင်၍ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဗန်းမော်မြို့နှင့် မံစီမြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့ပြီး ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့ တစ်ရက်လုံး စစ်ကောင်စီတပ်များနှင့် KIA ပူးပေါင်းမဟာမိတ်တပ်များအကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း၊ ယမန်နေ့ ဗန်းမော်မြို့ထဲတွင်ပါ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး KIA ပူးပေါင်းမဟာမိတ်တပ်များက ဗန်းမော်မြို့တွင်းသို့ ဝင်ရောက်ကာ စစ်ကောင်စီ၏ ဌာနဆိုင်ရာ ရုံးများအားလုံးကို ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ဗန်းမော်မြို့ထဲသို့ ဦးတည်၍ လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ဆောင်ရွက်ခဲ့ရာ အနည်းဆုံးပြည်သူ ၇ ဦး ဦးခန့်သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိထားကြောင်း သိရှိရသည်။
“ဗန်းမော်မြို့ထဲမှာရှိတဲ့ အစိုးရဌာနရုံးအားလုံးကို KIAနဲ့ မဟာမိတ်တွေက ထိန်းချုပ်ထားနိုင်ပြီ။ တိုက်ပွဲ အပြင်းထန်ဆုံးဖြစ်နေတာက အမှတ် ၂၁ တပ် (အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) ၊ မင်းလှတပ်၊ ဗန်းမော်တက္ကသိုလ်ကျောင်းပတ်ဝန်းကျင်နဲ့ ခလရ-၄၇ တပ်ရင်းတွေမှာဖြစ်ပါတယ်။ မြို့ထဲကိုလည်း မဟာမိတ်တပ်တွေ ဝင်လာတော့ တိုက်ပွဲအရမ်း ပြင်းထန်တယ်။ မြို့ထဲမှာ ပြည်သူတွေ ပိတ်မိနေတာလည်းရှိတော့ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာစစ်ခွေးတွေမြို့ထဲလက်နက်ကြီးရမ်းသန်းပစ်ခတ်သဖြင့်ပြည်သူအနည်းဆုံး ၇ ယောက်သေ၊ ၁၀ ယောက်ကျော်ဒဏ်ရာရသွားတယ်” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။
လက်ရှိအချိန်အထိ စစ်ကောင်စီ၏ ဗန်းမော်မြို့ပြင်ရှိ ကာကင်းစခန်းအများစုကို သိမ်းပိုက်ထားနိုင်ပြီး တပ်ရင်း၊ ဌာနချုပ်များနှင့် ဗဟိုအချက် အချာကျ စစ်စခန်းများကိုမူ ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် မံစီမြို့ဘက်တွင်လည်း တိုက်ပွဲများပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်၏ ခမရ-၃၁၉၊ ခမရ ၆၀၁ နှင့် အမှတ် ၅၂၃ အ မြောက် တပ် တပ်ရင်း ၃ ခုကိုလည်း တပြိုင်နက်တည်း ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့ ဗန်းမော်မြို့ ဌာနဆိုင်ရာ စုပေါင်းရုံးတွင် ဗုံးပေါက်ကွဲခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
ဗန်းမော်မြို့သိမ်းတိုက်ပွဲ KIA ပူးပေါင်းတပ် အောင်မြင်မှုများရနေ
◾️စစ်ဆင်ရေးဒုတိယနေ့တွင် စစ်ကောင်စီတပ်စွဲရာ နေရာ ၅ခုကို သိမ်းပိုက်နိုင်၊ အလင်းဝင်သူများရှိဟု သတင်းရင်းမြစ် ပြော
ဟန်နွေ/People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်များက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ကချင်ပြည်နယ် ဗန်းမော်နှင့် မံစီမြို့၌ ယနေ့ (ဒီဇင်ဘာ ၅ရက်)တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး KIAပူးပေါင်းတပ်များက အောင်မြင်မှုများရရှိနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။
KIA ပူးပေါင်းတပ်သည် ဒီဇင်ဘာ ၄ရက် နံနက်အစောတွင် မံစီမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းအချို့နှင့် စကခ(၂၁)အခြေစိုက်ရာ ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ရာ ယမန်နေ့တစ်ရက်အတွင်း စစ်ကောင်စီတပ်စွဲရာ နေရာ ၁၀ခုကို သိမ်းပိုက်ရခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် ယနေ့ (ဒီဇင်ဘာ ၅ရက်)တိုက်ပွဲတွင်စစ်ကောင်စီတပ်စွဲရာနေရာ ၅ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။
“အလင်း၀င်သူများရှိ။ဗန်းမော်မြို့နေရာ အများစုရှင်းလင်း၀င်ရောက်နေရာယူပြီး။ စကခ၂၁သို့ ယခုY12မှ ခဲယမ်းထုပ် များချပေးနေပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။
အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကိုလည်း ယနေ့ ဗန်းမော်မြို့တိုက်ပွဲ အခြေအနေမေးမြန်းရာ ထူးခြားမှုရှိသော်လည်း စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် အသေးစိတ် အခြေအနေများ အသိပေး၍ မရဟု ပြောသည်။
“ ဗန်းမော်ကတော့ ကျနော်တို့ဘက်က အခုက တော်တော်ရာခိုင်နှုန်း ၆၅ ရာခိုင်နှုန်းလောက်အောင်မြင်ပြီ။ အသေးစိတ်တော့ ကျနော်မပြောပါရစေနဲ့။ ဘာဖြစ်လို့လဲဆိုတော့ လေယာဉ်က တောက်လျှောက်တက်နေတာအဲဒီဘက်မှာ။ ဒီညနေလည်းပဲ တောက်လျှောက်တက်တယ် လေယာဉ်က ။ဗုံးကြဲတဲ့ အသံမကြားဘဲလာဝဲဝဲ လုပ်နေတာ။ မနေ့ကတော့ တနေကုန်။ ဒီနေ့လည်း နေ့လည်လောက်တော့ လေးငါးခါတော့ လာကြဲသွားတယ်။ မနေ့ညဆို ခြောက်ခါလောက်လာကြဲသွားတယ်။ ကျနော်လည်း အဲဒီလို သတင်းရတယ်နော”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဗန်းမော်နှင့် မံစီမြို့သိမ်းတိုက်ပွဲ အခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား ဆက်သွယ်မေးမြန်းထားရာ အဆက်အသွယ်မရသေးပေ။
KIA အနေဖြင့် စစ်ရေးသတင်းများကို အချိန်နှင့်တပြေးညီ အသိပေး ထုတ်ပြန်ခြင်းမပြုသကဲ့သို့ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးနှင့် လက်နက်ခဲယမ်းရရှိမှု၊ စစ်သုံ့ပန်း ဖမ်းဆီးရရှိမှု အသေးစိတ် အခြေအနေများ သတင်းထုတ်ပြန်လေ့မရှိပေ။
(ဗန်းမော်မြို့တည်နေရာပြ မြေပုံ)