ဗန်းမော်တိုက်ပွဲ ကာကင်းစခန်း ၇ ခုနှင့် တင့်ကားများပါ KIAသိမ်းပိုက်
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ရက်
ဗန်းမော်နှင့် မံစီကြား စစ်ကောင်စီနှင့် ကချင်လွပ်လပ်ရေးတပ်မတော် KIAတို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားရာ ကာကင်းစခန်း ခုနှစ်ခုခန့်ကို KIAက သိမ်းယူရရှိထားကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၄ရက်နေ့မှ ယနေ့ ဒီဇင်ဘာ ၅ရက်နေ့အထိ ဗန်းမော်မြို့နှင့် မံစီမြို့ကြားတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီ၏ တင့်ကား နှစ်စီးကိုပါ KIAက ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
“မနေ့က မနက်အစော ငါးနာရီလောက်ကတိုက်ပွဲစတယ်ထင်ပါတယ်။ စစ်တပ်က ဂျက်နဲ့ပါလာကြဲတယ်။ မြို့ထဲရပ်ကွက်တွေကလူတွေ ပိတ်မိတယ်။ အကုန်အိမ်ထဲနေနေရပါတယ်” ဟု ဗန်းမော်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မိုးမောက်ရှိ ခမရ ၄၃၇ တပ် ၊ မံစီရှိ ခမရ ၃၁၉ နှင့် ခမရ ၆၀၁ တို့၏ ကာကင်းစခန်း ကောင်ဂျာယာန်ကို KIAထံမှပြန်လည် သိမ်းယူရန် စစ်ကောင်စီက ထိုးစစ်ဆင်နေချိန် ဗန်းမော်နှင့် မံစီအသွားလမ်းပေါ်ရှိ စစ်ကောင်စီတပ်များကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခံရခြင်းဖြစ်သည်။
ယမန်နေ့က ခလရ ၄၇ ၏ ကာကင်းစခန်း ညောင်ပင်သာနှင့် ဖန်းခါးကုန်းစခန်းများအပြင် ဗန်းမော်တက္ကသိုလ်၊ မင်းလှ၊ သာစည်၊ နမ်ဖား စသည့်ကျေးရွာများမှ စစ်ကောင်စီစခန်းများကို KIAက သိမ်းယူထားကြောင်း သိရသည်။
တိုက်ပွဲကြောင့် ဗန်းမော်မြို့ ရှိ ရပ်ကွက် ၃ တွင် ပြည်သူအချို့ ထိခိုက်သေဆုံးမှုရှိပြီး ထွက်ပြေးလိုသည့် ဒေသခံများမှာလည်း စစ်ကောင်စီက မြို့ကို ကုန်းလမ်း၊ ရေလမ်းမှပိတ်ဆို့လိုက်
သည့်အတွက် ပိတ်မိနေကြောင်း သိရသည်။
ပုံစာ- ခမရ ၄၃၇ကို KIAသိမ်းဆည်းထားစဥ်က (ပုံဟောင်း)
#ဗန်းမော် #မံစီ #စစ်ကောင်စီ #ကာကင်း #တင့်ကား #KIA #Ayeyarwaddy_Times