အမ်းမှထွက်ပြေးလာသော ဗိုလ်ကြီးတစ်ဦးပါစစ်သား၁၂ ဦးကို တော်လှန်ရေးတပ်များဖမ်းဆီး
အိမ်သွင်/People’s Spring
အာရက္ခတပ်တော် (AA)က တိုက်ခိုက်နေသည့် အမ်းမြို့မှ ထွက်ပြေးလာသော စစ်ကောင်စီ ဗိုလ်
ကြီးဦးဆောင်သည့်စစ်ကြောင်းကို AA၏ မဟာ
မိတ် တော်လှန်ရေးပူးပေါင်းတပ်များက ဖမ်းမိထားသည်။
ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးကို လက်နက်အချို့နှင့် အတူ ဖမ်းမိထားခြင်းဟု အရှိူချင်းကာကွယ်ရေးတပ် (ACDF)၊ New Society Army (NSA)နှင့်ပြည်သူ့လွတ်
လပ်ရေးတပ်တော် (PLA) ပူးပေါင်းတပ်ဖွဲ့ က ဒီဇင်ဘာ ၄ရက်တွင်ပူးတွဲသတင်းထုတ်ပြန်သည်။
အဆိုပါစစ်ကြောင်းသည် အမ်းမြို့၊အနောက်ပိုင်း
တိုင်းစစ်ဌာနချုပ်မှ ထွက်ပြေးလာကြပြီး လက်ပ်တော့ပ် တစ်လုံး၊ ဖုန်းတစ်လုံး၊ MA-1 တစ်လက်၊ MA-3 တစ်လက် (5.56 ကျည် ၂၃ တောင့်)၊ Type-81 တစ်လက် (ကျည်ဘောက်မပါ) နဲ့ ပစ္စတို တစ်လက် (ကျည် ၂၄ တောင့်)တို့ကိုပါသိမ်းဆည်း
ရရှိခဲ့သည်ဟု ဖော်ပြထားသည်။
စစ်သုံ့ပန်း ၁၂ ဦးအနက်မှ ဒဏ်ရာရရှိသူများကို စနစ်တကျ ဆေးဝါးကုသပေးထားပြီး ကျန်းမာ
ရေး၊ နေထိုင်စားသောက်ရေးမှအစ လိုအပ်သော ကိစ္စအဝဝကို ဖြည့်ဆည်း ဆောင်ရွက်ပေးထားကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်
သူများနှင့် ပူးပေါင်းရန်လည်း မဟာမိတ်ပူးပေါင်းအဖွဲ့က တိုက်တွန်းထားသည်။
အမ်းမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော်(AA)
က စက်တင်ဘာလ၂၆ရက်မှစတင်ကတိုက်ခိုက်ခဲ့ပြီး ယမန်နေ့ကအထိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှလွဲ၍ ကျန်စစ်တပ်စခန်းများနှင့်တပ်ရင်းများအားလုံးကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း၊ တစ်မြို့လုံးကို AAက ထိန်းချုပ်ထားကြောင်း နယ်မြေခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိ၌ အမ်း၊ ဂွ နှင့် မောင်တောမြို့၌ တိုက်ပွဲပြင်းထန်နေကြောင်းသတင်းရရှိသည်။ နပခကို ရပါက အမ်းမြို့ကို AAက ရရှိပြီဖြစ်သလို မောင်တောမြို့တွင်လည်း နယ်ခြားစောင့်အမှတ် (၅)/နခခ(၅)စခန်းသာကျန်ရှိနေပြီးဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု AAက သတင်းထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်းနှင့်နယ်စပ် ဂွမြို့ကို ထိန်းချုပ်နိုင်ရေးအတွက်လည်း AAက တိုက်ခိုက်နေပြီး တိုက်ပွဲများပြင်းထန်နေသည်ဟု သတင်းရရှိသည်။
အမ်းမြို့တိုက်ပွဲတွင် စစ်စခန်းများဆက်တိုက်လက်လွတ်နေသော စစ်ကောင်စီတပ်မှ စစ်သားများဆက်တိုက်ထွက်ပြေးနေကြပြီး ထွက်ပြေးစစ်သားများကို တော်လှန်ရေးအဖွဲ့များက ဖမ်းဆီးရမှုများ အောက်တိုဘာ နှင့် နိုဝင်ဘာလတွင် ဆက်တိုက်ဖြစ်ပွားနေသည်။
( အမ်းမှထွက်ပြေးလာပြီး တော်လှန်ရေးတပ်များဖမ်းဆီးထားသော စစ်သုံ့ပန်းများ၊တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရရှိသောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-ACDF)