နွားထိုးကြီးမြို့နယ်၊ လုံးတောနှင့် သမန်းတောရွာ အကြားရှိ စစ်ရှောင်ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကျောင်းထိုင် ဘုန်းကြီးနှင့် ကိုရင်း ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူ အများအပြား ထိခိုက်မှုရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၄
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လုံးတောရွာနှင့် သမန်းတောရွာ အကြားရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျောင်းထိုင် ဘုန်းကြီးနှင့် ကိုရင်း ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူ အများအပြား ထိခိုက်မှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ လုံးတောရွာနှင့် သမန်းတောရွာ အကြားရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ကျောင်းထိုင် ဘုန်းကြီးနှင့် ကိုရင် ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူအများအပြား ထိခိုက်မှုရှိကြောင်း သိရသည်။
“အလှူတော့ မဟုတ်ပါဘူး။ လုပ်အားပေး ရောက်နေတဲ့ ရွာသူရွာသားတွေ အများကြီးပါတယ်။ ကျောင်းထိုင်ဘုန်းကြီးနဲ့ ကိုရင်လေးက ခေါင်းပျက်သွားတယ်။ ကျောင်းမှာက အုပ်ရိုက်တဲ့ သူရော ဆွမ်းချက်တဲ့ သူရော စစ်ဘေးရှောင်နေတဲ့ လူတွေလည်းရှိတယ်။ အကုန်ထွက်ပြေးကျရတော့ ရွာသူ ရွာသားတွေ ဘယ်နှဦး ထိခိုက်မှုရှိလဲ သေချာ မကြည့်ခဲ့ရဘူး။ စစ်ခွေးတွေက ရည်ရွယ်ချက် ရှိရှိ ဗုံးကျဲ သွားတယ်လို့ မြင်မိပါတယ်။ ကျောင်းကို ဒဲ့ကျဲချတာ ကျောင်းမှာ လုပ်အားပေး ရောက်နေတဲ့ လူက များတယ်။ လုံးတောရွာနဲ့ သမန်းတောရွာက ပြည်သူတွေ ရောက်နေတဲ့ အချိန်ကျဲချ သွားတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်ထိ လုံးတောရွာနှင့် သမန်းတောရွာမှ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရပြီး ကျေးရွာအတွင်းရှိ ပြည်သူများ အားလုံး ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။