အမ်းမြို့ကို အာရက္ခတပ်​တော်ထိန်းချုပ် ▪︎နပခ ဌာနချုပ်တစ်ခုသာကျန်ပြီး မကြာမီသိမ်းယူနိုင်မည်ဟု​ဒေသခံအချို့​ပြောကြား

by

in

အမ်းမြို့ကို အာရက္ခတပ်​တော်ထိန်းချုပ်
▪︎နပခ ဌာနချုပ်တစ်ခုသာကျန်ပြီး မကြာမီသိမ်းယူနိုင်မည်ဟု​ဒေသခံအချို့​ပြောကြား
အိမ်သွင်/People’s Spring

အမ်းမြို့တွင် အ​နောက်ပိုင်းတိုင်စစ်ဌာနချုပ်(နပခ)
မှ အပ ကျန် စစ်ကောင်စီတပ်စခန်းများအားလုံးကို အာရက္ခတပ်​တော်( AA)ကသိမ်းယူပြီး မြို့ကိုထိန်းချုပ်နိုင်ပြီဖြစ်ကာ နပခ ဆက်လက်ထိုးစစ်ဆင်နေပြီဖြစ်​ကြောင်း​ဒေသခံအချို့ကပြောသည်။
“အမ်းမြို့‌တမြို့လုံးကို AAက ထိန်းချုပ်ထားပါပြီ။ နပခပဲ ကျန်တော့တယ်။ ဒါက နောက်ဆုံးအခြေ
အနေ။ စစ်တပ်က လေကြောင်းကတောက်လျှောက်ပစ်နေတယ်။ မြို့ထဲကအိမ်တွေထိထားတယ်”ဟု မြို့အနီးတွင် စစ်ဘေးရှောင်နေရသည့်​ဒေသခံတဦးကပြောသည်။
အမ်းမြို့သိမ်းတိုက်ပွဲကို AAကစက်တင်ဘာလ
၂၆ရက်တွင် စတင်ခဲ့သည်။အမ်းမြို့တွင် နပခအပါအဝင် စစ်ကောင်စီတပ်ရင်းစခန်း ၁၈ခုရှိသည့်အနက် ၈ ခုကို သိမ်းယူထားပြီးဖြစ်ကြောင်း AAက နိုဝင်ဘာလ ၁၃ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။
ခြေမြန်တပ်ရင်း ခမရ (၃၇၃)၊ အမြောက်တပ်ရင်း အမတ (၃၇၄)၊ လျှပ်စစ်အလုပ်ရုံတပ်ခွဲ(၇၅၇)၊ စစ်လက်နက်ပစ္စည်းတပ်ခွဲ (၃၄၅)၊ တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း တစသ (၈)၊ ကုတင် ၃၀၀ စစ်ဆေးရုံ၊ စစ်ဖက်ရေးရာ လုံခြုံရေး တပ် (စရဖ)နှင့် လေကြောင်းရန်ကာကွယ်ရေးတပ်တို့ကိုဦးစွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို​နောက် ကျန်​နေ​သော နပခဌာနချုပ်၊ ဆောက်
လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ – ဆလ (၉၄၆)၊ ခြေမြန်တပ်ရင်း- ခမရ (၃၇၁)၊ ခမရ(၃၇၂)၊ လျှပ်စစ်အလုပ်ရုံတပ်ခွဲ- လလစ (၇၅၇/၂)၊ ထောက်ပံ့နဲ့ပို့ဆောင်ရေးတပ်ခွဲ -ထပခ (၉၂၆)၊ ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း- အဆရ (၈)၊ တပ်ထိန်းတပ်ခွဲ-တထခ (၁၀)နှင့် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း- စအရ (၉၁၉) တို့ကို ဆက်လက် တိုက်ခိုက်နေကြောင်း AA က နိုဝင်ဘာ၁၃ ရက်နေ့တွင်အသိပေးခဲ့သည်။
AAက ထပ်မံသတင်းမထုတ်ပြန်သေးသော်လည်း
People’s Spring၏ မြေပြင်စစ်ရေးသတင်းမြစ်တဦးက နုဝင်ဘာလကုန်ပိုင်းတွင် အမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီစခန်းများကို AAက ဆက်တိုက်သိမ်းယူနေပြီး နပခနှင့် လက်အောက်ခံတပ်ရင်းသုံးခုသာ ကျန်ရှိတော့သည်ဟု ပြောခဲ့သည်။
ထို့နောက်ယခုရက်ပိုင်းအတွင်းတွင် AAက စစ်ကောင်စီတပ်ရင်းများကို ဆက်တိုက်ထိုးစစ်ဆင်
သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၄ ရက်အမ်းမြို့ စစ်​ရေးအ​ခြေအ​နေကို ဒေသခံတစ်ဦးက ” တပ်ရင်းတွေက စစ်သားတွေအကုန် နပခကို ဆုတ်ပြေးတာ။ ဒါကြောင့် နပခတစ်ခုပဲကျန်တော့တာ။ အခု စစ်တပ်က လေ
ကြောင်းရော လက်နက်ကြီးရော ပစ်နေတယ်။ နပခလည်း တော်တော်ကြေနေပြီလို့ကြားတယ်။ မကြာခင် လက်နက်ချနိုင်တယ်” ဟု သူ၏အမြင်ကိုပြောသည်။
အမ်းမြို့တွင် တိုက်ပွဲများပြင်းထန်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဆုတ်ခွာထွက်
ပြေးနေကြသည်။ ထွက်ပြေးသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတပ်ရင်းများနှင့် AA၏ မဟာမိတ်​ တော်လှန်​ရေးအဖွဲ့များကကြားဖြတ်တိုက်ခိုက်နေသည်။
AAသည် အမ်း၊ တောင်ကုတ်၊ ဂွနှင့် မောင်တောမြို့သိမ်းတိုက်ပွဲများကို တချိန်တည်းတိုက်ခိုက်နေ သည်။တောင်ကုတ်မြို့ကိုထိန်းချုပ်ထားနိုင်ပြီဖြစ်​ကြောင်းနိုဝင်ဘာလ၂၉ရက်နေ့ကထုတ်ပြန်ခဲ့သည်။
အမ်းမြို့မှ နပခကို AA သိမ်းယူပြီးပါက စစ်ကောင်စီအတွက် နောက်ထပ်တိုင်းစစ်ဌာနချုပ်
တခု လက်လွတ်ဆုံးရှုံးရမည်ဖြစ်သည်။ ရှမ်းပြည်
နယ် မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA)
က ၁၀၂၇ စစ်ဆင်ရေးအတွင်း ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်တွင် အပြီးသတ်သိမ်းယူထားသည်။
(အမ်းမြို့ရှိ စစ်​ကောင်စီတပ်ရင်းများ၊စခန်းများကိုဆက်တိုက်သိမ်းယူ​နေ​သော အာရက္ခတပ်​တော်(AA)တပ်ဖွဲ့ဝင်များ နှင့်ရခိုင်ပြည်နယ်စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်။ဓါတ်ပုံ-AA Info Desk)