မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်းထုတ်မယ့်ကိစ္စ မျှမျှတတ လုပ်ဖို့ တရုတ်ပြော
နို၀င်ဘာ ၂၉၊ ၂၀၂၄
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC က ဝရမ်းထုတ်ဖို့ကိစ္စမှာ တရားမျှတစွာနဲ့ ဖြေရှင်းပေးဖို့ လိုအပ်ကြောင်း တရုတ်နိုင်ငံက သူ့ရဲ့သဘောထားကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီဘက်က ပြတ်ပြတ်သားသား ရပ်တည်လိုက်တဲ့ တရုတ်နိုင်ငံက ICC အရေးမှာ အဖြေမှန်ကို ရှာဖွေဖို့ ပြောကြားလိုက်တာပါ။
“ကုလသမဂ္ဂလုံခြုံရေးကောင်စီက အမှုကို လွှဲပြောင်းပေးတာမဟုတ်ရင် ရောမဥပဒေစာချုပ်မှာ လက်မှတ် မထိုးထားတဲ့နိုင်ငံနဲ့ နယ်မြေတွေအပေါ် တရားရုံးက စီရင်ပိုင်ခွင့်မရှိပါဘူး” လို့ တရုတ်နိုင်ငံခြားရေးပြောခွင့်ရ Mao Ning က နိုဝင်ဘာ ၂၈ ရက်မှာ ပြောခဲ့တာပါ။
မင်းအောင်လှိုင်ကို ICC ရာဇဝတ်တရားရုံးက ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းမှုကို လူ့အခွင့်အရေးဆောင်ရွက်သူတွေက ကြိုဆိုနေပေမယ့် မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံကတော့ ဝေဖန်လိုက်တာ ဖြစ်ပါတယ်။
ICC က ဖမ်းဝရမ်းထုတ်ဖို့ ကြိုးစားနေတဲ့ကိစ္စကို နိုင်ငံတကာအဖွဲ့အစည်းတော်တော်များများက ထောက်ခံကြိုဆိုထားကြပြီး ကုလသမဂ္ဂလက်အောက်ခံ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား IIMM အနေနဲ့လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အရေးယူနိုင်ဖို့ ICC တရားရုံးနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က တရားဝင်ထုတ်ပြန် ကြေညာထားပါတယ်။
စစ်ကောင်စီထဲက ကျူးလွန်သူတွေအရေးယူမခံရဘဲ လွတ်မြောက်နေတာကြောင့် တစ်နိုင်ငံလုံးမှာ အကြမ်းဖက်ခံနေရသူတွေအနေနဲ့ တရားမျှတမှု မရနိုင်ကြတဲ့ အခြေအနေဖြစ်နေချိန်မှာ ဒီဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းမှုဟာ အရေးယူနိုင်ဖို့ ခြေတစ်လှမ်း ပိုနီးသွားတာဖြစ်တယ်လို့လည်း မြန်မာ့အရေးလှုပ်ရှားသူတွေက ဆိုပါတယ်။