အာရှလမ်းပိုင်း၌ ခံစစ်အနေအထားဖြင့်တိုက်ခိုက်ခံနေရသည့် အောင်ဇေယျစစ်ကြောင်းမှူး တိုက်ပွဲအတွင်း သေဆုံး
▪️စစ်ကောင်စီက အောင်ဇေယျစစ်ကြောင်းအား စစ်မှုထမ်းဥပဒေမှ တပ်သားသစ်များဖြင့် အင်အားဖြည့်နေဟု ကရင်စစ်ရေးသတင်းရင်းမြစ်ပြော
ဒီးဒီ/People’s Spring
ကရင်ပြည်နယ်၊ ကော့ကရိတ် – မြဝတီလမ်းပိုင်းကြား အာရှလမ်းမကြီးတွင် တိုက်ပွဲများဆက်လက်ဖြစ်နေရာ နိုဝင်ဘာ ၂၃ရက်ကတိုက်ပွဲအတွင်း စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်ကြောင်းမှူး၊ ဗိုလ်မှူးတစ်ဦးသေဆုံးကြောင်း ကော်ဘရာစစ်ကြောင်းနှင့် နီးစပ်သည့် ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ရက်ကတိုက်ပွဲအတွင်း သေဆုံးသူမှာ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း(၉၄)မှ ဒုတပ်ရင်းမှူး၊ အောင်ဇေယျစစ်ကြောင်း(၂)မှ စစ်ကြောင်းမှူးဟု ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူကလည်း အတည်ပြုသည်။
” တိုက်ပွဲက နေ့တိုင်းဖြစ်နေတယ်။ နေ့တိုင်းတော့ ပစ်နေကြတာပဲ။ ပြီးခဲ့တဲ့ သုံးရက်လောက်က တိုက်ပွဲမှာ ဗိုလ်မှူးတစ်ယောက်ကျတယ်။ စစ်ကြောင်းမှူးအဆင့်၊ ခေါင်းထိသွားတယ်။ သူ့ဦးထုပ်ကျန်ခဲ့တယ်။ အလောင်းတော့ သူတို့လာကောက်သွားတယ်”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
လက်တလောတွင် အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေးလာသူများနှင့် ဖမ်းမိသည့် စစ်သားများလည်းရှိနေသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ထွက်ပြေးလာသူများနှင့် ဖမ်းမိသူအများစုမှာ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေမှ အဓမ္မဆင့်ခေါ်ထားသော စစ်သားသစ်များဖြစ်သည်ဟု ၎င်းက ပြောသည်။
” အပေါ်ကလည်း စွတ်တိုးခိုင်း၊ ဖမ်းမိတဲ့သူတွေကြည့်လိုက်ရင်တော့ စစ်မှုထမ်းအပတ်စဉ်(၅)တို့ (၆)တို့ ကလေးတွေဗျာ သနားဖို့ကောင်းတယ်။ ထွက်ပြေးလာတာတွေလည်း ရှိတယ်။ တိုက်ပွဲမှာကွဲထွက်ပြီးတော့ ဖမ်းမိတာလည်း ရှိတယ်။ သေနတ်နဲ့ ထွက်ပြေးလာတဲ့သူလည်း ရှိတယ်။ သူတို့က ပြေးချင်နေကြတာ။ နယ်မြေမကျွမ်းတော့ မပြေးတက်တက်တာပေါ့”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက အောင်ဇေယျစစ်ကြောင်းထံ အင်အားဖြည့်တင်းမှုပြုလုပ်ပါက စစ်မှုထမ်းမှ တပ်သားသစ်များကိုသာ စေလွှတ်နေသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။
” အနန်းကွင်းဗျူဟာမှာ ဖမ်းမိတဲ့သူတွေကိုကြည့်ပါလား ပြည်သူ့စစ်တွေ၊ ပြည်သူ့စစ်ဆိုတာ စစ်တိုက်ရမယ့်သူတွေ မဟုတ်ဘူးလေ”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလပိုင်းကစပြီး ဒေါနတောင်ပေါ်ရှိ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်း ရှေ့တန်းစခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် ခံစစ်အနေအထားမှ တိုက်စစ်ပုံစံပြောင်းလဲတိုက်ခိုက် နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောထားသည်။
အောက်တိုဘာ ၂၈ရက်တွင် ဒေါနတောင်ပေါ်ရှိ အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းစခန်းကို KNLAနှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းအများအပြားရရှိခဲ့ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အောက်တိုဘာ ၂၀ရက်ကလည်း အောင်ဇေယျစစ်ကြောင်းသည် လေကြောင်းပစ်ကူ အကူအညီသုံးပြီး အင်အားအများအပြားဖြင့် ရှေ့တိုးလာ၍ KNLA ပူးပေါင်းတပ်က တားဆီးတိုက်ခိုက်ရာ ပြန်လန်ကျသွားသည်ခဲ့သည်။
လက်ရှိတွင် တော်လှန်ရေးတပ်များက အပိုင်းပိုင်းဖြတ်တောက်ပိတ်ဆို့ထား၍ အောင်ဇေယျစစ်ကြောင်းမှာ နောက်ပြန်ဆုတ်၍ မရတော့သည့် အခြေအနေမျိုးရောက်နေသည်ဟုလည်း ကရင်စစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။
ယခုနှစ် ၂၀၂၄ ဧပြီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် PDF ပူးပေါင်းတပ်များက မြဝတီမြို့ရှိ သင်္ဃန်းညီနောင်ဗျူဟာ၊ လေးကေ့ကော်နှင့် မြဝတီမြို့စောင့်တပ် ခမရ(၂၇၅)တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အဆိုပါနေရာများကို ပြန်လည်ထိန်းချုပ်မည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် နိုင်ငံတော်အဆင့် “အောင်ဇေယျစစ်ဆင်ရေး” ဟုအမည်ပေး၍ တပ်မ(၅၅)ဦးဆောင်သော အင်အား ၁၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၉ရက်မှစ၍ ဖားအံနှင့် မော်လမြိုင်ဘက်မှ ချီတက်လာခဲ့သည်။
လေးရက်ဖြင့် မြဝတီမြို့အရောက်ချီတက်မည်ဟု ကြွေးကြော်ခဲ့သော်လည်း ခုနစ်လကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်တွင် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေခြင်းဖြစ်သည်။
အောင်ဇေယျစစ်ကြောင်းအား လက်နက်ကြီးပစ်ကူပေးနေသော မြဝတီမြို့အနီးရှိ စွယ်တော်ကုန်းဗျူဟာအမြှောက်တပ်စခန်းကိုလည်း ကော်ဘရာပူးပေါင်းတပ်က အောက်တိုဘာ ၁၇ရက်တွင် သိမ်းပိုက်ခဲ့သည်။
ထို့အပြင် မြဝတီ – ဝေါ်လေလမ်းပိုင်း ဘလယ်ဒိုကျေးရွာရှိ စစ်ကောင်စီတပ်၏ ကာကင်းစခန်းသုံးခုအား ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည်။
အဆိုပါလမ်းပိုင်းရှိ စစ်ကောင်စီ၏ ကာကင်းစခန်းသုံးခုမှ စစ်ကောင်စီတပ်သားများမှာ စခန်းစွန့်ထွက်ပြေးသွား၍ ရှင်းလင်းသိမ်းပိုက်ခဲ့ကြောင်း VENOMစစ်ကြောင်းက အသိပေးထားသည်။
(ကော့ကရိတ် – မြဝတီလမ်းပိုင်း အာရှလမ်းမပေါ်တွင် အောင်ဇေယျစစ်ကြောင်း၏ ယာဉ်တန်းအား တိုက်ခိုက်အပြီး ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား ပြီးခဲ့သည့် ဧပြီကတွေ့ရစဉ်။ ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း)