▪︎Breaking News
မင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းထုတ်ရန် တရားလိုရှေ့နေရုံး လျှောက်ထား
■ICC က ဖမ်းဝရမ်းထုတ်ပေးခဲ့ပါက စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ဖမ်းဆီးရန် ကြိုးပမ်းမှု မှန်သမျှတွင် အနီးကပ်ညှိနှိုင်းဆောင်ရွက်မည်ဟု ရှေ့နေရုံးပြော
အီယိုရီ/People’s Spring
နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)မှ တရားလိုရှေ့နေတစ်ဦးက မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ ဖမ်းဝရမ်းထုတ်ပြန်ရန် ယနေ့(နိုဝင်ဘာ ၂၇ရက်)လျှောက်ထားကြောင်း ICC က ထုတ်ပြန်သည်။
လွပ်လပ်ကျယ်ပြန့်ပြီး သမာသမတ်ကျသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးသည့်နောက် စစ်ခေါင်းဆောင်၊ စစ်ကောင်စီ၏ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တစိတ်တပိုင်းအားဖြင့် ကျူးလွန်ခဲ့သော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြစ်သည့် ရိုဟင်ဂျာများအား အဓမ္မမောင်းထုတ်ခြင်းနှင့် ခွဲခြားဖိနှိပ်ခြင်းတို့ ရာဇဝတ်မှုများအတွက် တာဝန်ရှိကြောင်း ယူဆရန် ခိုင်လုံသော အကြောင်းအရင်းများရှိသည်ဟု ICC တရားလိုရှေ့နေရုံးက ကောက်ချက်ချသည်။
အဆိုပါ ရာဇဝတ်မှုများကို ၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်နှင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အကြား၌ မြန်မာစစ်တပ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ရိုဟင်ဂျာမဟုတ်သော သာမန် အရပ်သူ အရပ်သားများ၏ အကူအညီတို့ဖြင့် ကျူးလွန်ခဲ့သည်ဟု ICC တရားလိုရှေ့နေရုံးက စွပ်စွဲသည်။
“ယခု လျှောက်ထားခြင်းသည် မြန်မာအစိုးရ ထိပ်တန်းအရာရှိတစ်ဦးအတွက် ဖမ်းဝရမ်းကို ကျွန်ုပ်၏ရုံးမှ ပထမအကြိမ် လျှောက်ထားခြင်း ဖြစ်သည်။ ထပ်မံ လျှောက်ထားမှုများ လာဦးမည် ဖြစ်သည်” ဟု ICC တရားလိုရှေ့နေ ကာရင်မ်အေအေခန်း(ကေစီ)က ဆိုသည်။
၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၌ ရုတ်တရက် ပေါ်ပေါက်ခဲ့သော အကြမ်းဖက်မှုများတွင် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခြင်းခံရသည့် ရာဇဝတ်မှုများနှင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် နောက်ဆက်တွဲ စွန့်ခွာပြေးမှုများအတွက် ၂၀၁၉ နိုဝင်ဘာ ၁၄ ရက်မှစ၍ အထက်ပါ ICC တရားလိုရှေ့နေရုံးက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်။
ICC တရားလိုရှေ့နေရုံး၏ ယနေ့ လျှောက်ထားချက်သည် အတွင်းလူ သက်သေများစွာ၏ ထွက်ဆိုချက်များ ပါဝင်သော သက်သေထွက်ဆို ချက်များ၊ သတင်းမှတ်တမ်းဆိုင်ရာ သက်သေ အထောက်အထားများနှင့် စစ်မှန်ကြောင်း အတည်ပြုပြီးသော သိပ္ပံနည်းကျ အချက်အလက်များ၊ ဓာတ်ပုံနှင့် ဗီဒီယို အချက်အလက်များ ကဲ့သို့သော မြောက်မြားလှသည့် အရင်းအမြစ်များထဲမှ ကျယ်ပြန့်စုံလင်သော သက်သေ အထောက်အထားများကို အခြေခံထားခြင်းဖြစ်ကြောင်း အသိပေးသည်။
မြန်မာစစ်ခေါင်းဆောင် မင်းအေင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် လိုအပ်သောစံနှုန်းများနှင့် ကိုက်ညီမှုရှိမရှိကို နိုင်ငံတကာရာဇဝတ်တရားရုံးတော်(ICC)၏ တရားသူကြီးများက ဆုံးဖြတ်မည်ဖြစ်သည်။
ICCမှ တရားလိုရှေ့နေရုံးက တောင်းခံသောဝရမ်းကို တရားရုံး၏ အမှီအခိုကင်းသော တရားသူကြီးများက ထုတ်ပေးခဲ့ပါက စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ဖမ်းဆီးရန် ကြိုးပမ်းမှု မှန်သမျှတွင် တရားရုံး၏ မှတ်ပုံတင်အရာရှိနှင့် အထက်ပါရှေ့နေရုံးက အနီးကပ် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု အသိပေးသည်။
Breaking News
စစ်ခေါင်းဆောင်ကို နိုင်ငံတကာခုံရုံး ICC မှ ဖမ်းဝရမ်းထုတ်
ရွှေနွယ်
မဇ္ဈိမ။ ။စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှုများကျူး လွန်ကြောင်း အထောက်အထားများရှိသည့်အတွက် နိုင်ငံတကာရာဇ၀တ်ခုံရုံး(ICC) မှ ဖမ်းဝရမ်းထုတ်ရန် နိုဝင်ဘာ ၂၇ ရက်တွင် ကြေညာလိုက်သည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပေါ်၌ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် ဖမ်းဝရမ်းထုတ်ခြင်းဟုဖော်ပြသည်။ အဆိုပါ ဝရမ်းထုတ်မှု၏ နောက်ဆက်တွဲအဖြစ် တာဝန်ရှိသူကို ဖမ်းဆီးနိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟုဖော်ပြသည်။ ယခု ဖမ်းဝရမ်းထုတ်မှုသည် ICC မှ ပထမဆုံးအကြိမ် မြန်မာ အစိုးရ အဆင်မြင့်အရာရှိတဦးကို ဝရမ်းထုတ်ခြင်းဖြစ်ကြောင်းလည်း ဖော်ပြသည်။
#ICC
#ဖမ်းဝရမ်း
#ရိုဟင်ဂျာ
Breaking News- ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားသဖြင့် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် ICC ရှေ့နေချုပ်က လျှောက်ထား၊ လပိုင်းအတွင်း ဖမ်းဝရမ်းထွက်ရှိနိုင်
ရန်ကုန်၊ နိုဝင်ဘာ ၂၇
ရခိုင်ပြည်မှ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် ပြစ်မှုထင်ရှားသဖြင့် မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)၏ ရှေ့နေချုပ် Karim A.A. Khan KC က ICC တရား ရုံးတွင် ယနေ့ လျှောက်ထားလိုက်ပြီဖြစ်ကြောင်း ICC တရားရုံး က ယနေ့ တရား ဝင် သတင်း ထုတ်ပြန်သည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ပြီး ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု သတ်ဖြတ်မှုလှိုင်းများနှင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရိုဟင်ဂျာများ ထွက်ခွာလာမှု နှင့် နောက်ဆက်တွဲ ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးခဲ့ကြောင်း၊ ကျယ် ကျယ် ပြန့်ပြန့် လွတ်လပ်ပြီး သမာသမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှုအပြီး စစ်တပ်ကာ ကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ် မှုများအတွက် ရာဇဝတ်မှုကျူးလွန်သည်ဟု ICC တရားရုံးက ဆုံးဖြတ်ကောက် ချက်ချခဲ့ကြောင်း၊ စစ်တပ်က ရိုဟင်ဂျာများကို ညှဉ်းပန်းသတ်ဖြတ်မှုများနှင့် နှင်ထုတ်မှုများကို မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် ကျူးလွန်ခဲ့ကြောင်း ICC က ထုတ်ပြန်သည်။
ICC တရားရုံးက မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ရန်လျှောက်ထားမှုသည် အဆိုပါ အမှုအတွက် ဖမ်းဝရမ်းထုတ်ရန် ပထမဆုံး လျှောက်ထားချက်ဖြစ်ပြီး နောက် ဆက်တွဲ များ ထပ်မံ လာဦးမည်ဖြစ်ကြောင်း သိရှိရသည်။
ယနေ့ ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားသော လျှောက်လွှာတွင် သက်သေအများ အပြား၊ စာရွက်စာတမ်းအထောက်အထားများနှင့် စစ်မှန်သောသိပ္ပံ နည်းကျ၊ ဓာတ်ပုံနှင့် ဗီဒီယိုပစ္စည်းများအပါအဝင် သက်သေထွက်ဆိုချက်များပါဝင်ကြောင်း သိရှိရသည်။
“အခုက ICC တရားရုံးမှာ စုံစမ်းစစ်ဆေးပြီး တရားစွဲပြီးလို့ ပြစ်မှု ထင်ရှားကြောင်း ဆုံးဖြတ်လို့ ဖမ်းဝရမ်းထုတ်ဖို့ လျှောက်တာ။ လပိုင်းလောက်ပဲ ကြာလိမ့်မယ်။ ဖမ်းဝရမ်းက။ ဒါက ရိုဟင်ဂျာအမှုတစ်ခုတည်းအတွက်ပါ” ဟု ရိုဟင်ဂျာအရေး ဦးဆောင်လှုပ်ရှားသူ ရိုနေဆန်းလွင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။