ကြိုးကြာနီPDFတပ်ရင်းမှူး အင်အားများသော စစ်တပ်နှင့် တွေ့စဉ် ရဲဘော်များကို ဆုတ်ခိုင်းပြီး တစ်ကိုယ်တော် ကာပစ်ရင်း ကျဆုံး

by

in

By Nway / MPA

ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်ရှိ ကြိုးကြာနီပြည်သူ့ကာကွယ်ရေး တပ်၊မကွေးအရှေ့ခြမ်း တပ်ရင်းမှူးသည် စစ်ကောင်စီတပ်နှင့် အလစ်အငိုက်တွေ့ဆုံစဉ် ခုခံတိုက်ခိုက်ရင်း ကျဆုံးသွားကြောင်း သိရသည်။

ကိုအောင်ဟိန်းဖြိုး (ခ)ဗိုလ်ကြီးဇိုး(ခ)ရဲဘော်ဇိုးကြီးသည် နိုဝင်ဘာလ ၂၅ ရက်တွင် ရေတာရှည်မြို့နယ်၊ပဲခူးရိုးမတစ်နေရာ၌ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ကြိုးကြာနီPDFရဲဘော်ထံက သိရသည်။

“မင်းတို့လွတ်ရာပြေး၊ငါ ခံပစ်မယ်။ဒါအမိန့် လို့ပြောပြီး ကျန်ခဲ့တာ။ကျတော်တို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုကြီးတစ်ခုပေါ့” ဟုကြိုးကြာနီပြည်သူ့ကာကွယ်ရေးတပ်၊ မကွေးအရှေ့ခြမ်း မှ ရဲဘော်တစ်ဦးက MPAသို့ပြောသည်။

စစ်တပ်က အင်အားများသဖြင့် PDFရဲဘော်များကို ဆုတ်ခိုင်းကာ တစ်ယောက်တည်းကာပစ်ပေးရင်း တပ်ရင်းမှူး ကျဆုံးခြင်းဖြစ်ကြောင်း သိရသည်။

“လမ်းကြောင်းမှာ စစ်ခွေးနဲ့တိုးပြီး ပစ်ခတ်ရာကနေ အင်အားမမျှတော့ ရဲဘော်တွေအားလုံးအတွက် ခေါင်းဆောင်ကောင်းပီသစွာ တစ်ယောက်တည်းကျန်ခဲ့ပြီး ကာပစ်ရင်းကျဆုံးခဲ့တာ။သူတစ်ယောက်တည်းခံပစ်ပြီး ကျန်တဲ့သူတွေကို နောက်ဆုတ်ခိုင်းတာ” ဟု ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

ကျဆုံးခဲ့သည့် တပ်ရင်းမှူး၏ ရုပ်အလောင်းကို ပြန်မရကြောင်းသိရသည်။