ကန်ပိုက်တီနယ်စပ်ဂိတ်ကို တရုတ်က သူ့လူများနှင့် ငှက်ပျောကားများ ပြန်ခေါ်ရန် ယာယီဖွင့်လှစ်ခြင်းသာဖြစ်ဟုဆို (ရုပ်/သံ)
ရန်ကုန်၊ နိုဝင်ဘာ ၂၆
ကချင်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ်ရှိ KIA က သိမ်းပိုက်ထားသော ကန်ပိုက်တီနယ်စပ်ဂိတ်ကို တရုတ်က ပုံမှန် ပြန်လည်ဖွင့်လှစ်ခြင်းမရှိဘဲ သူ့လူများနှင့် ငှက်ပျောကားများကို ပြန်ခေါ်ယူရန် ယမန်နေ့ ယာယီနယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းသာဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ KIA က သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြစ်သော ကန်ပိုက်တီနယ်စပ်ဂိတ်ကို ယာယီဖွင့်လှစ်ခဲ့ပြီး ကချင်ပြည်နယ်ဘက်တွင် သောင်တင်နေသော ငှက်ပျောကားများနှင့် တရုတ်နိုင်ငံသားများ ပြန်လည် ဝင်ရောက်သွားကြကြောင်း၊ တရုတ်ဘက်က ဂိတ်ကို ယာယီပြန်လည်ဖွင့်လှစ်ရာတွင် ၎င်းတို့၏ လူများကိုသာ ပြန်လည် လက်ခံခြင်းဖြစ်ပြီး တရုတ်ဘက်မှ ကချင်ပြည်နယ်ဘက်သို့ မည်သည့် ကုန်ပစ္စည်းများ၊ လူများကိုမှ ထွက်ခွာခွင့်မပြုခဲ့ကြောင်း သိရှိရသည်။
“ငှက်ပျောသီးကားတွေကိုပဲ တရုတ်က သူ့နယ်ထဲ ပြန်ဝင်ခွင့်ပေးတာ။ ကချင်မှာကျန်နေတဲ့ ငှက်ပျောကားတွေကိုဘဲတရုတ်ဘက်ဝင်ခွင့်ပေးထားတယ်။ တရုတ်ဘက်က ကချင်ဘက်ပြန်ဝင်ခွင့်မရဘူး။ သူတို့လူတွေနဲ့ ကားတွေကိုခေါ်ယူတဲ့သဘောပါ။ ပုံမှန် နယ်စပ်ဂိတ်ဖွင့်တာမျိုးမဟုတ်ဘူး” ဟု KIA သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။
ကချင်ပြည်နယ်၊ စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန့်ယိန်း ထိန်းချုပ်ထားသော တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်သည့် ကန်ပိုက်တီမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် အပြီး သတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
KIA က တရုတ်-မြန်မာနယ်စပ်မြို့များနှင့် ဂိတ်များကို သိမ်းပိုက်ပြီးနောက် တရုတ်နိုင်ငံက အဆိုပါ နယ်စပ်ဂိတ်များကို တစ်ဖက် သတ် ပိတ်ပင်မှုများ လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီနှင့်ညှိနှိုင်း၍ ပြန်လည်တည်ငြိမ်အေးချမ်းမှသာ နယ်စပ်ဂိတ်များ ပုံမှန် ဖွင့်လှစ်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံဘက်က တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။