အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ရေးဘီလူးအဖွဲ့ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)
နိုဝင်ဘာ ၂၄၊ ၂၀၂၄
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို မနေ့ကနိုဝင်ဘာ ၂၃ ရက်မှာ ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာရှိတဲ့ ပျူစောထီးခေါင်းဆောင် ဗိုလ်ကြီးဟောင်း ၁ ယောက်နဲ့ အုပ်ချုပ်ရေးမှူးအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
ပျူစောထီးခေါင်းဆောင်ဟာ ဒဏ်ရာပြင်းထန်ပြီး အရေးပေါ်ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
ရေးဘီလူးတိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးဟောင်းနဲ့ အုပ်ကြီးအပါအဝင် ၆ယောက်နီးပါး ဆေးရုံရောက်
နိုဝင်ဘာ ၂၄၊ ၂၀၂၄
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့က မနေ့က နိုဝင်ဘာ ၂၃ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
ဒီလို ဝင်ရောက်တိုက်ခိုက်မှုကြောင့် ပျူစောထီးခေါင်းဆောင် ဗိုလ်ကြီးဟောင်း လင်းဦးနဲ့ အုပ်ချုပ်ရေးမှူး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“မနက် ၈နာရီ ၄၅ မိနစ်လောက်မှာ ကျနော်တို့ ရေးဘီလူးတပ်ဖွဲ့ကနေ အရင်တုန်းက စစ်မှုထမ်းဟောင်းဗိုလ်ပြုတ် လင်းဦးကို ဝင်ရောက်ရှင်းလင်းခဲ့တာဖြစ်တယ်။ သူ့ကို ဝင်ရောက်ရှင်းလင်းတဲ့နေရာကတော့ သူ့ရဲ့ရုံးအရှေ့နားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပေါ့။ သူ့လူတွေကတော့ အထဲမှာ အနည်းဆုံး ၃၀လောက်ရှိမယ်” လို့ ရေးဘီးလူးတာဝန်ခံက မောင်းကိုပြောပါတယ်။
“အကြမ်းဖက်စစ်တပ် အရာရှိဟောင်းအပါအဝင် ၆ဦးလောက်တော့ ထိသွားတယ်။ သတင်းစကောက်ယူပြီး စုံစမ်းသိရှိခဲ့ရတာ သူကတော့ လည်ပင်းထိတယ်။ ညာဘက်လက်ထိတယ်။ ဘယ်ဘက်လက်ထိတယ်။ ခါးထိတယ်။ ပေါင်ထိတယ်။ အခုလောလောဆည်တော့ မသေသေးဘူးဆိုပေမယ့် သေဖို့များတယ်” လို့ ရေးဘီလူး တာဝန်ခံက ဆက်ပြောပါတယ်။
ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင်ကလည်း ပစ်ခတ်ခံထားရတဲ့ ဗိုလ်ကြီးဟောင်း လင်းဦးနဲ့ ပတ်သက်ပြီး “လင်းဦး မင်းပြောတော့ ငါ့ကိုမင်းလက်နဲ့ Shin မယ်ဆို ခုငါ့ကျည်နဲ့မင်းအိပ်နေရပီးဟုပ်လား၊ ရှင်ခဲ့ရင်တောင် ငါမင်းကိုစောင့်နေအုံးမယ်၊ ခုလက်ရှိခံစားကြည့်” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ပုံစာ – ရေးဘီလူး တပ်ဖွဲ့ဝင်များ (ပုံဟောင်း)