လားရှိုးမှာ တိုက်ပွဲအပြီး (၁၀)ရက်ကျော်အထိ စစ်အုပ်စု အလောင်းတွေ ရှင်းလင်းလို့ မကုန်သေး၊ မြို့အနှံ့ လူသေအပုပ်နံ့တွေ လှိုင်၊

by

in

လားရှိုးမှာ တိုက်ပွဲအပြီး (၁၀)ရက်ကျော်အထိ စစ်အုပ်စု အလောင်းတွေ ရှင်းလင်းလို့ မကုန်သေး၊
မြို့အနှံ့ လူသေအပုပ်နံ့တွေ လှိုင်၊
ဇူဇူး၊ ရုသ (Newsland)၊ ဩဂုတ် – ၁၅

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ တိုက်ပွဲတွေ မရှိတော့တာ (၁၀)ရက်ကျော် ကြာပြီ ဖြစ်ပေမယ့် လက်ရှိ အချိန်ထိ ရပ်ကွက်အတွင်းနဲ့ လူနေအိမ်တချို့မှာ စစ်အုပ်စု အလောင်းတွေ ကျန်ရှိနေဆဲ ဖြစ်ကာ အလောင်းတွေ ဖယ်ရှားရှင်းလင်းလို့ မကုန်နိုင်သေးဘူးလို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
ဩဂုတ်(၉)ရက်ကနေ (၁၂)ရက်အထိ လားရှိုးမြို့ထဲကို ပတ်ကြည့်တဲ့အခါ တိုက်ပွဲပြင်းထန်ခဲ့တဲ့ နေရာတွေက အထပ်မြင့် အဆောက်အဦး‌တွေရှေ့က ဖြတ်သွားတိုင်း လူသေ အပုပ်နံ့တွေ ရနေဆဲ ဖြစ်သလို ဗျူဟာလမ်း ရပ်ကွက် (၁)နဲ့ ရပ်ကွက် (၅) အတွင်း စစ်အုပ်စု အလောင်းတချို့ကို လမ်း‌ပေါ်မှာ မီးရှို့ သဂြိုဟ်ပေးထားတာ၊ မြို့အနှံ့ လမ်းဘေးမှာ စစ်အုပ်စု ဝတ်စုံ အပိုင်းအစနဲ့ အသုံးအဆောင်တွေ စုပုံပစ်ထားတာကို အများအပြား တွေ့ရပါတယ်။
“အိမ်လှေကားကြားထဲမှာ (M-40) (သေနတ်)နဲ့ ကွေးကွေးလေး သေနေတာ၊ နောက်တစ်အိမ်မှာ ဆိုရင် အလောင်းကို ခွေးဆွဲထားလို့ ခေါင်းက ပြတ်နေတာ” လို့ စစ်မရှောင်ဘဲ ကျန်ရှိခဲ့တဲ့ မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
လားရှိုးမြို့ ရပ်ကွက်နဲ့ လူနေအိမ်တွေထဲက အလောင်းတွေကို ကိုးကန့်တပ်မတော် – MNDAA က ရှင်းလင်း ပေးခြင်း မရှိ‌သေးတဲ့အတွက် ပြည်သူတွေက ကိုယ့်ဘာသာပဲ ရှင်းလင်းနေရတယ်လို့ မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ငါးလောင်း ကိုယ့်ဘာသာပဲ မီးရှို့ပေးလိုက်ရတာ။ ရပ်ကွက်ထဲက‌ ယောင်္ကျားလေးတွေ ရှို့ပေးကြတာ၊ သူတို့ (MNDAA)က ဘယ်ချိန်မှ လာရှင်းပေးမလဲက မသိဘူး။ အနံ့တွေလည်း မခံနိုင်တော့ဘူးလေ‌”
လားရှိုးမြို့ စစ်အုပ်စုရဲ့ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် – ရမခ ဘက်ကို သွားရောက် ကြည့်ရှု့ရာမှာလည်း တိုက်ပွဲ အတွင်းက အပျက်အစီးတွေကို ရှင်းလင်းထားတာ မရှိသေးဘဲ အပုပ်နံ့တွေ ရနေဆဲ ဖြစ်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်းရဲ့ မြို့တော်ဖြစ်တဲ့ လားရှိုးမြို့နဲ့ ရမခ ကို သိမ်းပိုက်နိုင်ဖို့ ကိုးကန့်တပ်မတော် – MNDAA နဲ့ မဟာမိတ်တွေက ဇူလိုင်(၃)ရက်မှာ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး တစ်လကြာ ဩဂုတ်လဆန်းမှာ အပြီးသတ် သမ်းယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ လားရှိုးမြို့ကို MNDAA က ထိန်းချုပ်ထားပြီး စစ်‌ဘေးရှောင် ပြည်သူတချို့ နေရပ် ပြန်လာနေကြပြီ ဖြစ်ပါတယ်။ ဒါပေမယ့် လားရှိုးမြို့တွင်း ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။
လားရှိုးမြို့တွင်း လမ်းတွေပေါ် စစ်အုပ်စု အလောင်းတချို့ကို မီးရှို့သင်္ဂြိုဟ်ထားမှုနဲ့ မြို့အနှံ့မှာ တွေ့ရတဲ့ စစ်အုပ်စု အသုံးပစ္စည်းတွေ/Photo – ဇူဇူး၊ ရုသ
#Mandalay_Free_Press_MFP