မြန်မာ့အရေး ဆုံးဖြတ်ချက်အဆိုမူကြမ်းကို ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအချို့ တားဆီးပိတ်ပင်
▪︎လုံခြုံရေးကောင်စီ၏ ထိရောက်သော အရေးယူမှု ကင်းမဲ့နေသည့်အပေါ် မြန်မာပြည်သူများ လွန်စွာ စိတ်ပျက်နေကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းပြော
အီယိုရီ/People’s Spring
စစ်ကောင်စီအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်
စီ၏ ချက်ခြင်းအရေးယူမှုကို မြန်မာပြည်သူများက လိုအပ်နေသော်လည်း အနည်းငယ်သော ကောင်စီအဖွဲ့ဝင်နိုင်ငံအချို့က ကြန့်ကြာအောင်လုပ်ဆောင်နေကြောင်း ဗြိတိန်သံအမတ်ကြီး ဘာဘရာဝုဒ်ဝါ့ဒ်က ပြောကြားသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဗြိတိန်၏ ကမကထပြုမှုကြောင့် မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲကို ယမန်နေ့(နိုဝင်ဘာ ၂၀ရက်)တွင် ပြုလုပ်ခဲ့ရာ ယင်းဆွေးနွေးပွဲ မကျင်းပမီ အ
ထက်ပါ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့က သတင်းထောက်များအား ရှင်းလင်းပြောကြားခဲ့သည်။
“ဒီနေ့ ဗြိတိန်က ကြီးမှူးပြီး လုံခြုံရေးကောင်စီက မြန်မာ့အရေး ဆွေးနွေးသွားကြမှာပါ။ ကောင်စီအနေနဲ့ အာဆီယံအထူးကိုယ်စားလှယ် ကစ်တီခွန်းနဲ့ ကုလအထူးကိုယ်စားလှယ် ဘစ်ရှော့တို့ဆီက အစီရင်ခံမှုတွေ ကြားရဖို့ရှိပါတယ်။ ကျွန်မတို့ အ
ဓိက အာရုံစိုက်မှာကတော့ အရပ်သားပြည်သူတွေအပေါ် အကာအကွယ်ပေးနိုင်ဖို့ ဖြစ်ပါတယ်” ဟု ဗြိတိန်သံအမတ်ကြီး ဘာဘရာဝုဒ်ဝါ့ဒ်က ပြော
သည်။
ပြီးခဲ့သည့် သြဂုတ်နှင့် အောက်တိုဘာအကြား မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုမှာ ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းချိန်မှစ၍ ကြိမ်ရေအများဆုံး ဖြစ်ခဲ့ကာ စစ်တပ်သည် ဖောက်ခွဲတိုက်ခိုက်မှုများ၊ မြေမြှုပ်မိုင်းအသုံးပြုမှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကိုလည်း အာ
ဏာသိမ်းမှုနောက်ပိုင်း ပိုမိုတိုးမြှင့် ပြုလုပ်ခဲ့ကြောင်း ဗြိတိန်သံအမတ်ကြီးက ဆိုသည်။
“ဒီ(ကျူးလွန်မှုတွေ)အပေါ် ကျွန်မတို့ လုံးဝ ပြစ်တင်ရှုတ်ချပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာတွင် ဗြိတိန်ဦးဆောင်ကာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းတရပ်တင်သွင်းခဲ့သော်လည်း အနည်းငယ်သော အဖွဲ့ဝင်နိုင်ငံအချို့က တားဆီးပိတ်ပင်ခဲ့ကြောင်း ဗြိတိန်သံ
အမတ်ကြီးက ရှင်းလင်းသည်။ အဆိုပါအနည်း
ငယ်သော ကောင်စီအဖွဲ့ဝင်နိုင်ငံအချို့၏ အမည်ကို ဗြိတိန်သံအမတ်ကြီးက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
သို့သော် ကုလလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅နိုင်ငံထဲတွင် အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံကူညီပံ့ပိုးနေသော ရုရှားနှင့် တရုတ်နိုင်ငံတို့ ရှိနေသည်။
အထက်ပါအဆိုမူကြမ်းတွင် ဘက်အားလုံး(all parties)ကအရပ်သားပြည်သူများအပေါ်အကြမ်း
ဖက်မှုရပ်တန့်ရန်၊ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေ(IHL)ပြဌာန်းချက်များကိုလိုက်နာရန်၊ မြန်
မာစစ်တပ်ထံ လက်နက်များ၊ လေယာဥ်ဆီ ပံ့ပိုးမှုကို ရပ်တန့်ရန်အချက်များကို ဖော်ပြတိုက်တွန်းထားသည်။ ထို့အပြင် အဆိုမူကြမ်းတွင် စစ်ကောင်
စီအနေဖြင့် အာဆီယံတူညီဆန္ဒ ၅ရပ်ဆုံးဖြတ်ချက်အား အပြည့်အဝအကောင်အထည်ဖော်ရန််နှင့် လူသားချင်းစာနာမှုအကူအညီများ ခွင့်ပြုပေးရန်အချက်များကိုလည်း တောင်းဆိုထားသည်။
“ဗြိတိန်ဟာ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်ပါတယ်” ဟု သံအမတ်ကြီး ဘာဘရာဝုဒ်ဝါ့ဒ်က ပြောသည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း မြန်မာပြည်သူများသည် ကုလသမဂ္ဂ အထူးသဖြင့် ကုလလုံခြုံရေးကောင်စီ၏ ထိရောက်သော အရေးယူမှု ကင်းမဲ့နေသည့်အပေါ် လွန်စွာ စိတ်ပျက်နေကြောင်း ကုလသမဂ္ဂရုံးချုပ်၌ ပြောသည်။
ကုလသမဂ္ဂစနစ်အတွင်း ယိုယွင်းပျက်စီးမှုများ၊ နိုင်ငံတကာအသိုက်အဝန်း၏ ထိရောက်သော အရေးယူမှု ကင်းမဲ့ခြင်းများက အပြစ်မဲ့အရပ်သားပြည်သူများ၏ အသက်ခန္ဓာများ ဆုံးရှုံးစေပြီး မြန်မာပြည်သူများ၏ အနာဂတ်ကို ထိခိုက်ပျက်စီးစေကြောင်း သံအမတ်ကြီးက ပြောသည်။ အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်မှုများကို ရပ်တန့်ခြင်းမရှိဘဲ အရပ်သားပြည်သူများအပေါ် အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများ၊ တရားလက်လွှတ်ဖမ်းဆီးခြင်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း ရှင်းလင်းသည်။
ထို့အပြင် စစ်ကောင်စီ စီစဥ်နေသော အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီသည် မည်သည့်ရွေးကောက်ပွဲကိုမျှ ကျင်းပရန် တရားဝင်မှုနှင့် လုပ်ပိုင်ခွင့်အာဏာမရှိသည်မှာ ရှင်းလင်းထင်ရှားပြီး မြန်မာပြည်သူများက စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲများကို ခိုင်မာစွာ ငြင်းပယ်ထားပြီးဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း စစ်ကောင်စီ၏ အဆိုပါအတုအယောင်ရွေးကောက်ပွဲများကို မယိုင်မလဲဆန့်ကျင်ရန် သံအမတ်ကြီးက တိုက်တွန်းသည်။
(ကုလသမဂ္ဂဌာနချုပ်၌ ရှင်းလင်းပြောကြားနေသော မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် ဗြိိတိန်သံအမတ်ကြီး ဘာဘရာဝုဒ်ဝါ့ဒ်။ ဓာတ်ပုံ – UN)