ဖားဆောင်းတွင် စစ်ကောင်စီတပ်ရင်း ၂ ခုသာကျန်ရှိပြီး တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက မြို့သိမ်းနိုင်ရေး ကြိုးပမ်းနေ

by

in

ဖားဆောင်းတွင် စစ်ကောင်စီတပ်ရင်း ၂ ခုသာကျန်ရှိပြီး တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက မြို့သိမ်းနိုင်ရေး ကြိုးပမ်းနေ
ဧရာဝတီတိုင်းမ်

(ဖားဆောင်း)၊ နိုဝင်ဘာ ၁၉ ရက်
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်း စစ်ကောင်စီ တပ်ရင်းနှစ်ခုသာကျန်ရှိ နေပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ဖားဆောင်းမြို့သိမ်းနိုင်ရေးအတွက် စစ်ကောင်စီတပ်ဖွဲ့များကို ဝိုင်းရံ ပိတ်ဆို့ထားကြောင်းလည်း သိရသည်။
လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များသည် ဖားဆောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ စခန်းများ၊ ကာကင်းကုန်းများကို သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီတပ်ရင်းအနေဖြင့် ခလရ-၁၃၄ တပ်ရင်းနှင့် ခလရ-၁၃၅ တပ်ရင်း နှစ်ခုသာ ကျန်ရှိတော့ကြောင်း သိရသည်။
“ကျွန်တော်တို့ကြိုးစားနေပါတယ်။ ဖားဆောင်းရရှိရေးအတွက် မြို့သိမ်းတိုက်ပွဲဖြစ်တဲ့အတွက် ကျွန်တော်တို့တတ်နိုင်သမျှကြိုးစားနေတယ်။ စစ်ကောင်စီဘက်က အနေအထားကတော့ လေယာဉ် စစ်ကူတွေကိုတောင်းနေတယ်။ ကျွန်တော်တို့ ဒရုန်းတွေနဲ့ရော မြေပြင်ကရော စစ်ရေးလှုပ်ရှားမှုတွေ ကောင်းမွန်စွာဖော်ဆောင်နေတာတော့ရှိတယ်” ဟု ဖားဆောင်းPDF တာဝန်ရှိသူတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်များသည် ဖားဆောင်း PDF နှင့် တော်လှန်ရေးတပ်ပေါင်းစုများ၏ ဝိုင်းဝန်း ပိတ်ဆို့ဖြတ်တောက်ခံထားရမှုကြောင့် လေကြောင်းဖြင့်သာ ထောက်ပို့ပြုလုပ်နေရပြီး ယမန်နေ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌နိုဝင်ဘာ ၁၈ ရက်နေ့ကလည်း ၎င်းတို့၏တပ်ရင်း နှစ်ရင်းကို ထောက်ပို့ရဟတ်ယာဉ်ဖြင့် ထောက်ပို့ ပစ္စည်းများ လာရောက်ချထားခဲ့ ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီသည် ဖားဆောင်းမြို့နယ်အတွင်းရှိတော်လှန်ရေးတပ်ဖွဲ့များရှိသည်ဟု ယူဆရသည့် နေရာများကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၅၊ ၁၆၊ ၁၇ ရက်နေ့ထိ သုံးရက် ဆက်တိုက် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
လက်ရှိတွင် ဖားဆောင်းမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ကောင်စီက ဆက်တိုက် လေကြောင်းတိုက် ခိုက်မှုများပြုလုပ်နေပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက် ရက်နေ့ကလည်း ဖား ဆောင်းမြို့နယ်တွင်းရှိ နေရာ ငါး နေရာဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ – အင်တာနက်