KNU တပ်မဟာ ၆ နယ်မြေကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အရာရှိသေကာ ပြန်ဆုတ်ပြေး
နိုဝင်ဘာ ၁၉၊ ၂၀၂၄
ကရင်ပြည်နယ် တပ်မဟာ ၆နယ်မြေမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အနန်းကွင်းဗျူဟာကုန်းစခန်းကို စစ်ကူတက်လာတဲ့ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး G1 အဆင့် အရာရှိအပါအဝင် စစ်သားအများအပြား ထိခိုက်သေဆုံးခဲ့ပြီး ပြန်လည်ဆုတ်ခွာပြေးသွားကြောင်း KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
အနန်းကွင်းဗျူဟာကုန်း အနီးနားမှာ အကြမ်းဖက်စစ်တပ်နဲ့ KNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကူတက်လာတဲ့ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရတာဖြစ်ကြောင်း သိရပါတယ်။
“အင်အား ၁၀၀ ကျော်တယ် တက်လာတာ။ အနန်းကွင်းဗျူဟာကုန်းက တိုက်ပွဲဖြစ်တဲ့နေရာကို စစ်ကူတက်လာတာ။ အရာရှိကြီးကို စနိုက်ပါနဲ့ပစ်လို့ ခေါင်းထိမှန်သေဆုံးသွားတယ်။ အခြားအဆင့် အတော်များများလည်း သေဆုံးထိခိုက်တာတွေရှိတယ်။ နောက်ပြန်ဆုတ်ပြေးသွားတယ်” လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။
“တိုက်ပွဲဖြစ်တာက နိုဝင်ဘာလ ၁၇ရက်နေ့ ညပိုင်းကတည်းကဖြစ်တာပါ။ စနိုက်ပါ ထိမှန်သေဆုံးတဲ့အရာရှိက အဲဒီစစ်ကြောင်းက အကြီးဆုံးဖြစ်တဲ့ G1 လို့တော့သိရတယ်။ အမှတ်၈ အာရှလမ်းမကြီးဘက်ကနေတက်လာတာ။ တိုက်ပွဲဖြစ်ပွားတဲ့နေရာက ရဲတံခွန်ဘက်မှာဖြစ်တာ။” လို့အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။
ကရင်ပြည်နယ်အတွင်းက တပ်မဟာ ၅နယ်မြေ ၊ တပ်မဟာ ၆နယ်မြေထဲမှာ နိုဝင်ဘာလ ပထမအပတ်ကတည်းက တိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွါးနေခဲ့တာပါ။ အကြမ်းဖက်စစ်တပ်ဘက်က လေကြောင်းကနေ ဒရုန်းတွေပျံသန်းပြီး ကင်းထောက်လုပ်တာတွေ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေ ပိုမိုလုပ်ဆောင်လာနေတယ်လို့လည်း သိရပါတယ်။
ပုံစာ – ကရင်ပြည်နယ်အတွင်း အာရှလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာနေတဲ့ အကြမ်းဖက်စစ်တပ် (ပုံဟောင်း)