MNDAA ခေါင်းဆောင်နှင့် ဝ ဒုစစ်ဦးစီးချုပ်ကို တရုတ်ဖမ်းပြီး တော်လှန်ရေးအင်အားစုများကို အကြပ်ကိုင်

by

in

MNDAA ခေါင်းဆောင်နှင့် ဝ ဒုစစ်ဦးစီးချုပ်ကို တရုတ်ဖမ်းပြီး တော်လှန်ရေးအင်အားစုများကို အကြပ်ကိုင်
အိမ်သွင်/People’s Spring

လားရှိုးမြို့အား စစ်ကောင်စီကိုပြန်ပေးအပ်ရန် MNDAAအား ဖိအားပေးနေသည့်တရုတ်အစိုးရက MNDAA ခေါင်းဆောင်ဖုန်တာရွှင် နှင့် ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဒုတိယစစ်ဦးစီးချုပ်ပေါက်ကျွင်းဖုန်းအားနေအိမ်
အကျယ်ချုပ်ဖြင့် ဖမ်းဆီထားကြောင်း People’s Spring၏ သတင်းရင်းမြစ်အချို့က ပြောသည်။
“ပေါက်ကျွင်းဖုန်းကို ပြီးခဲ့တဲ့အောက်တိုဘာလ ၂ရက်က ဖမ်းဆီးခဲ့တယ်။ ဖုန်းတာရွှင်ကိုတော့ အောက်တိုဘာလကုန်ပိုင်းမှာ ပြန်မလွှတ်ဘဲ နေအိမ်အကျယ်ချုပ်လုပ်လိုက်တယ်။ တရုတ်က အစွမ်းကုန် ယုတ်မာမဲ့ သဘောရှိတယ်”ဟု UWSA၊MNDAA၊ တရုတ် ရွှေလီအုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်​သောသတင်ရင်းမြစ်တဦးက ပြောသည်။
UWSAဒုတိယစစ်ဦးစီးချုပ်ပေါက်ကျွင်းဖုန်းအား ဖမ်းဆီးခဲ့ရာတွင် ကျားဖြန့်လုပ်ငန်းများကြောင့်ဟု တရုတ်ကအကြောင်းပြထားသော်လည်း အမှန်တကယ်တွင် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ်ညီ​နောင် သုံးဖွဲ့အား UWSAက ကူ
ညီနေသည်ဟုတရုတ်ကစွပ်စွဲကာ ဖမ်းဆီးပြီး အကူအညီရပ်ရန် ဖိအားပေး​နေခြင်းဖြစ်​ကြောင်း သတင်းရင်းမြစ်အချို့က​ပြောသည်။
ပေါက်ကျွင်းဖုန်းမှာ UWSAခေါင်းဆောင် ပေါက်ယိုချန်၏ညီ ပေါက်ယိုလျန်၏သားဖြစ်သည်။ ၂၀၂၃ခုနှစ် ဩဂုတ်လတွင် UWSA ၏ ဒုတိယစစ်ဦးစီးချုပ်ဖြစ်လာခဲ့သည်။ ၎င်းအား တရုတ်က ဖမ်းဆီးထိန်းသိမ်းထားမှုကို UWSAကိုယ်တိုင်က နှုတ်ဆိတ်နေသည်။ ​ပေါက်ကျွင်းဖုန်းဖမ်းဆီးခံထားရမှုနှင့်ပတ်သက်၍ UWSA ထံ ဆက်သွယ်မေးမြန်းနိုင်ရန် People’s Spring ကကြိုးစား​နေဆဲဖြစ်သည်။
အသက် ၅၉ နှစ်အရွယ်ဖုန်တာရွှင်သည် မြန်မာအ
မျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA)
တည်ထောင်သူ ဖုန်ကြားရှင်၏ သားဖြစ်သည်။၁၀၂၇ စစ်ဆင်​ရေးပထမပိုင်း MNDAA ​ခေါင်း​ဆောင် ဖုန်တာရွှင်ကို တရုတ် လူမှုကွန် ယက် မီဒီယာများ နှင့် တရုတ်မီဒီယာအချို့တွင်ပင် ထုတ်​ဖော်ချီးကျူး​ရေးသားခဲ့ကြသည်။သို့​သော် ​​တော်လှန်​ရေးအင်အားစုများ၏ ထိုးစစ်အရှိန်မြင့်တက်လာပြီး စစ်​ကောင်စီ ပြုတ်ကျ​တော့မည့်အ​ခြေအ​နေကြုံလာ​သောအခါ စစ်အုပ်စုပြုတ်ကျရန် မလိုလားသည့် တရုတ်အစိုးရက ကိုးကန့်​ခေါင်း​ဆောင်ကို လားရှိုးမြို့ပြန်မ​ပေးသည့်အတွက် ခြိမ်း​ခြောက်ရာမှတဆင့် ဖမ်းဆီးထားခြင်းဖြစ်သည်။
ဖုန်တာရွှင်ကို တရုတ်ကထိန်းသိမ်းထားသော်
လည်းကျန်MNDAAခေါင်းဆောင်များကတရုတ်
၏ခြိမ်းခြောက်မှုကို အာခံတုံ့ပြန်နိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။
” လားရှိုးကို ပြန်မပေးနိုင်ဘူးလို့သူတို့( MNDAA)
သဘောထားရှိတယ်။MNDAA အမာလိုင်းက အားကောင်းနေတယ်” ဟု People’s Spring ၏ သတင်းရင်းမြစ်ကပြောသည်။
ဖုန်တာရွှင်အား တရုတ်ကနေအိမ်အကျယ်ချုပ်ဖြင့်ဖမ်းဆီးထားမှုကို ပထမဆုံးသတင်းဖော်ပြထားသည့် Myanmar Now သတင်းဌာနတွင်လည်း စစ်ကောင်စီအားတော်လှန်နေသည့် ထိပ်တန်းတော်လှန်ရေးအကြီးအကဲတစ်ဦးအား ကိုးကား၍
“ဖုန်တာရွှင်ကတော့ သူအသေခံလိုက်မယ် လားရှိုးကမဆုတ်ဖို့ ပြောထားတယ်”ဟု ပြောဆိုကြောင်း ရေးသားဖော်ပြထားသည်။
ကိုးကန့်ခေါင်းဆောင်ဖမ်းဆီးခံထားရသည်ဆိုသည်နှင့်ပတ်သက်ပြီး MNDAAထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
တရုတ်က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အား စစ်ကောင်စီအားတိုက်ခိုက်မှုများရပ်တန့်ရန်၊ MNDAAအနေဖြင့် လားရှိုးမြို့အား စစ်ကောင်စီထံပြန်ပေးရန်၊ NUG ၊PDFများနှင့် အဆက်အ
သွယ်မလုပ်ရန် ခြိမ်းခြောက်ထားသည်။ စစ်​ကောင်စီကို မတိုက်ရန် ဖိအား​ပေးသည့် အ​နေနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ရိက္ခာဝင်ရောက်မှုလမ်း ကြောင်းများကို တရုတ်နှင့်စစ်ကောင်စီက ဖြတ်တောက်ထားသည်။ အထူးသဖြင့် MNDAA ထိန်းချုပ်​ဒေသများသို့ စားနပ်ရိက္ခာ၊​ဆေးဝါးနှင့် လက်နက်ခဲယမ်း၊​လောင်စာစီ စသဖြင့်မည်သည့် အရာမျှမဝင်​ရောက်​စေရန် ကိုးကန့်​ဒေသရှိ ဂိတ်များတွင်ပင် တရုတ်​ထောက်လှမ်း​ရေးက​စောင့်
ကြည့်​နေ​ကြောင်းလည်းစုံစမ်းသိရသည်။
စစ်ကောင်စီခေါင်းဆောင်သည် တရုတ်နိုင်ငံသို့ နိုဝင်ဘာလ၅ရက်မှ ၁၀ရက်နေ့အထိ သွားရောက်ခဲ့ပြီး ပြန်ရောက်လာပြီးနောက် မြောက်ပိုင်းမှာသုံးဖွဲ့ထိန်းချုပ်ထားသည့်မြို့များ၊ တိုက်ခိုက်နေဆဲမြို့များကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေသည်။
“လူကြီးလူကောင်းမဆန်တဲ့ တရုတ်နိုင်ငံရဲ့ အပြု
အမူတွေဟာ မြန်မာပြည်တွင်းရေးကို ကိုယ်ထိလက်ရောက် ပါဝင်သင့်တာထက် လွန်ကျူးလာနေပြီ ။မကြာခင်မှာ မြန်မာပြည်သူလူထု တရပ်လုံးနဲ့ တရုတ်နိုင်ငံ ထိပ်တိုက်တွေ့လာရနိုင်တယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တ​လေး) မှစစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရ‌ဇော်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့(နိုဝင်ဘာ ၁၈ ရက်)ညနေပိုင်း၌ ရေးသားထားသည်။
(MNDAA ​ခေါင်း​ဆောင်ဖုန်တာရွှင် နှင့် UWSA
ဒုတိယစစ်ဦးစီးချုပ်ပေါက်ကျွင်းဖုန်း။
ဓါတ်ပုံ-MNDAA ၊ UWSA)