ပုလဲမြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၂၅ ဦး ဖမ်းဆီးရရှိပြီး လက်နက်အများအပြား သိမ်းဆည်းရရှိကာ မြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း လေကြောင်း စစ်ကူများကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရ

by

in

ပုလဲမြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၂၅ ဦး ဖမ်းဆီးရရှိပြီး လက်နက်အများအပြား သိမ်းဆည်းရရှိကာ မြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း လေကြောင်း စစ်ကူများကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရ
🟥BNRA ရဲဘော် ၉ ဦး ကျဆုံးခဲ့ရပြီး ချင်းညီနောင်နှင့်အညာညီနောင်တပ်များ ပါဝင်တိုက်ခိုက်ခဲ့
ရန်ကုန်၊ နိုဝင်ဘာ ၁၇
စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်သုံ့ပန်း ၂၅ ဦး ဖမ်းဆီးရရှိပြီး လက်နက်အများအပြား သိမ်းဆည်းရရှိကာ ပုလဲမြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏ စစ်ကူများကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၁၁ ရက် နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်မှစ၍ ပုလဲမြို့သိမ်းစစ်ဆင်ရေးကို စတင်ခဲ့ကြောင်း၊ စစ်ဆင်ရေးစတင်ပြီး ၄၈ နာရီ ခန့်အကြာတွင် ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီနောက်ဆုံးခံတပ်ဖြစ်သော မြို့နယ်ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ပုလဲမြို့အား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လေကြောင်းပစ်ကူအများအပြားကြားမှ အချိန်တိုအတွင်းထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်ထိန်းချုပ်ထားနိုင်ရန် အဘက်ဘက်မှ ပြင်ဆင်ကြိုးစားဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီလက်အောက်ခံ နမခ ၊ တံတားဦးလေတပ်၊ ရှမ်းတဲလေတပ်၊ မကွေးကလခ တို့မှ လေကြောင်းပစ်ကူအခေါက်ရေ ၇၀ ကျော် ပစ်ကူပေးသည့်ကြားမှ ပုလဲမြို့ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ဆင်ရေးအတွင်း BNRA မှ ကျဆုံးရဲဘော် ၉ ဦး၊ BNRA မှထိခိုက်ဒဏ်ရာရ ၁၀ ဦး၊ GZA မှ ၁ ဦး ရှိခဲ့ကြောင်း သိရှိရသည်။
မြေပြင်စစ်ကူဖြတ်တောက်ခြင်းလုပ်ငန်းများကို အဘက်ဘက်မှပြင်ဆင်နိုင်ခဲ့သော်လည်း ဝေဟင်ဖြင့်တပ်အင်အား စစ်ကူချခြင်း၊ ဝေဟင်မှ ပစ်ကူပေးခြင်းများကို ဖြတ်တောက်ရန်ခက်ခဲသောကြောင့် နိုဝင်ဘာလ ၁၄ ရက် စစ်ဆင်ရေးစတုတ္ထရက်မြောက်ညနေပိုင်းတွင် မြို့ပေါ်မှ ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း၊ ပုလဲမြို့သိမ်းစစ်ဆင်ရေးအတွင်းတွင် စစ်ကောင်စီဘက်မှ စစ်သုံ့ပန်း ၂၅ ဦးထိန်းသိမ်းနိုင်ခဲ့ပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း သိရှိရသည်။
စစ်ဆင်ရေးအတွင်း MA1 ၅ လက် ၊ MA2 ၂ လက်၊ MA3 ၄ လက်၊MA4ထောက်တွဲ ၁ လက်၊ G3 ၆ လက်၊ G4 2 လက်၊ ပစ္စတို MA5 ၁ လက်၊ M9ဗုံးသီး ၆၀ လုံး၊ လက်ပစ်ဗုံး ၂ လုံး ၊ တိုက်မိုင်း ၃ လုံး၊ နင်းမိုင်း ၁ လုံး၊ လက်ပစ်စနစ်တံ ၆ ခု၊ တိုက်မိုင်ဖြူး ၃ ခု၊ G3ကျည်နှင့် ကပစ ၅.၅၆ကျည် အများအပြား၊ G3ကျည်ဘောက်အပို ၄ ဘောက်၊ MA အပိုကျည်ဘောက် ၂၉ ဘောက် တို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ပုလဲမြို့သိမ်းစစ်ဆင်ရေးကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) မှ ဦးဆောင်၍ အညာညီနောင်ဖြစ်သော Generation Z Army (GZA) နှင့် ရေစကြိုမှ လက်သံပြောင်သော ဗိုလ်အောင်မောင်း၏ Southern Yesagyo (SYSO) တို့ စနစ်တကျလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊
ချင်းညီနောင်စစ်ဆင်ရေး (CB Operation) နှင့်ချိတ်ဆက်၍ Coordinated Movement အဖြစ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သောကြောင့် ယခုကဲ့သို့သော အတိုင်းအတာအထိအောင်မြင်မှုရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ချင်းညီနောင်စစ်ဆင်ရေးတွင်လည်း အညာညီနောင်နှစ်ဖော်ဖြစ်သည့် BNRA & GZA တို့အနေဖြင့် ပါဝင်ဆင်နွှဲခဲ့ကြောင်း၊ ပုလဲမြို့သိမ်းစစ်ဆင်ရေးအတွင်း အရေးကြီးသည့် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လိုအပ်သည်များကို အချိန်နှင့်တပြေးညီ တက်တက်ကြွကြွ ပူးပေါင်းကူညီဆောင်ရွက်ပေးပါသော ပုလဲမြို့နယ် ပကဖ ဒုတာဝန်ခံ ဒေါက်တာနန်းဝင်းကိုလည်း ကျေးဇူး တင်ရှိကြောင်း BNRA က သတင်းထုတ်ပြန်ထားသည်။