မိုးမောက်တွင် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူ ကလေးငယ်များနှင့် ပြည်သူများကို ယနေ့သဂြိုလ် (ရုပ်/သံ)
ရန်ကုန်၊ နိုဝင်ဘာ ၁၆
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူ ကလေးငယ်များနှင့် ပြည်သူများကို ယနေ့သဂြိုလ်မည်ဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မိုးမောက်မြို့နယ်၊ ကုန်းလောရွာရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ခရစ်ယာန် ဘုရားကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် အပါအဝင် ပြည်သူ ၉ ဦး သေဆုံးပြီး ၁၀ ဦး ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူ ကလေးငယ်များနှင့် ပြည်သူများကို ယနေ့တွင် ခရစ်ယာန်ဘာသာရေးရှိခိုး ဆုတောင်းပွဲနှင့်အတူ သဂြိုလ်မည်ဖြစ်ပြီး ဒဏ်ရာရရှိသူတချို့မှာလည်း လိုင်ဇာတွင် ဆေးကုသရန် ရောက်ရှိနေကြောင်း ဒေသသတင်းရင်းမြစ်တချို့က ရှင်းပြသည်။
“လိုင်ဇာဘက်ကိုလည်း လေယာဉ်ဗုံးထိတဲ့သူတွေ ဆေးကုဖို့ ရောက်လာကြတယ်” ဟု ဒေသသတင်းရင်းမြစ်က ဆိုသည်။
လတ်တလော မိုးမောက်တွင် ကလေးငယ်များ အပါအဝင် ပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားစေခဲ့သော စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုတွင် အသက်အန္တရာယ် အခြေအနေ စိုးရိမ်ရသည်အထိ ဒဏ်ရာရရှိသော လူနာများလည်း ပါဝင်ကြောင်း၊ သေဆုံးသူအရေအတွက် ဆက် လက် တိုးပွားလာနိုင်ကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။