တရုတ်က ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကို KIA ပြန်ပိတ်
~~~
■ ကချင်ပြည်နယ်က မြေရှားသတ္တုအဓိကထွက်ရှိရာ ပန်ဝါဒေသကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းပိုက်လိုက်ပြီးနောက် တရုတ်နိုင်ငံဘက်က မြန်မာဘက်က ဒေသခံတွေ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားတဲ့ အတွက် KIA ကလည်း နှစ်နိုင်ငံနယ်စပ်ဂိတ်တွေကို မြန်မာဘက်ခြမ်းကနေ နိုဝင်ဘာလ ၁၂ ရက်နေ့ကစလို့ ပိတ်ထားလိုက်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
KIA ဌာနချုပ်ရှိရာ လိုင်ဇာနယ်စပ်ဂိတ်၊ မိုင်ဂျာယန်နယ်စပ်ဂိတ်နဲ့ ပန်ဝါ နယ်စပ်ဂိတ်တွေကို KIA ဘက်က မြန်မာ ဘက်အခြမ်းကနေ ပြန်ပိတ်ထားတာတွေ့ရတယ်လို့ အမည်မဖော်လိုတဲ့ မိုင်ဂျာယန် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တရုတ်ဘက်ကတော့ ဖွင့်လိုက် ပိတ်လိုက် ဖြစ်နေတာ။ အခု KIA တွေ ပိတ်ထားပြီ။ ဒီဘက်မှာရောက်နေတဲ့ တရုတ်ကလူတွေကို တရုတ်ပြည်ကို ပြန်ဝင်ချင်တော့ ဝင်ခိုင်းပြီး ဒီကိုပြန် မဝင်ခိုင်းတော့ဘူး။ ကားတွေကိုလည်း မထွက်ခိုင်းတော့ဘူး။ မြေရှားသတ္တု လုပ်တဲ့ဟာတွေလည်း အကုန်ပိတ်လိုက်ပြီ ပစ္စည်းမရှိလို့။ လိုင်ဇာဘက် ကိုလည်း ပိတ်လိုက်ပြီ”
အမည်မဖော်လိုတဲ့ ပန်ဝါဒေသခံတစ်ဦးကလည်း နယ်စပ်ဂိတ်တွေကို KIA က တန်ပြန်ပိတ်ထားလိုက်တာ မှန်ကန်ကြောင်း RFA ကို ပြောပါတယ်။
“ပန်ဝါကလည်း တရုတ်က လျှပ်စစ်မီးပြန်ပေးတော့ မြေရှားလုပ်ကွက်တွေလည်း ပြန်လုပ်နေကြပြီ။ ဒါပေမဲ့ အခုသိုလှောင်ထား ဓာတုပစ္စည်းတွေကုန်ရင်တော့ ဆက်မလုပ်လောက်တော့ဘူး။ ဂိတ်ကတော့ တရုတ်ကလည်း ပိတ်ထားတယ် KIA ဘက်လည်း ပိတ်ထားတယ်။ KIA ဘက်ကတော့ လမ်းမှာ တားတဲ့ဟာ သံဆူးကြိုးနဲ့ လုပ်ထားတဲ့ သစ်သားခုံတွေနဲ့ ပိတ်ထားတာ”
မြေရှားသတ္တုထွက်ရှိရာ ကချင်အထူးဒေသ (၁) က မြို့၊ ရွာတွေကို အောက်တိုဘာ ၁၈ ရက်နေ့မှာ KIA က သိမ်းပိုက်လိုက်ပြီးနောက် တရုတ်ဘက်က နယ်စပ်ဂိတ်တွေပိတ်ပြီး တိုက်ပွဲတွေရပ်ဖို့ KIA ကို ဖိအားပေးခဲ့တာလို့ ကချင်စစ်ရေး လေ့လာသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တာနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လတ်တလော ပြန်လည်ဖြေဆိုတာ မရှိသေး ပါဘူး။
အမည်မဖော်လိုတဲ့ KIA အရာရှိတစ်ဦးကတော့ အဲဒီနယ်စပ်ဂိတ်ကနေ တရုတ်ဘက်ကို မြေရှားသတ္တုအပါအဝင် သံကျောက် စတဲ့ သတ္တုတင်ဆောင်တဲ့ ကားတွေကိုတော့ တရုတ်ဘက်က ဆက်လက်ဝင်ခွင့်ပြုထားပေမဲ့ ဒေသခံ တွေ တင်ပို့ရောင်းချတဲ့ ကုန်ပစ္စည်းတွေကိုတော့ အဝင်၊ အထွက် ခွင့်မပြုတော့တာကို တုံ့ပြန်တဲ့အနေနဲ့ KIA က နယ်စပ်ဂိတ်တွေ ပြန်ပိတ်ပြီး အခုလို ပိတ်လိုက်တာလို့ ဆိုပါတယ်။
လက်ရှိမှာ ကချင်ပြည်နယ်မှာရှိတဲ့ ကန်ဖန်၊ ဖီမော်၊ စဂျီ၊ ပန်ဝါ၊ ကန်ပိုက်တီ၊ ခါရှန်၊ ပါဂျောင်၊ လိုင်ဇာ၊ မိုင်ဂျာယန်၊ လွယ်ဂျယ်နဲ့ မံဝိန်းကြီး စတဲ့ နယ်စပ်ဂိတ်ကြီးငယ် ၁၁ ခုအနက် ကန်ပိုက်တီဂိတ်တစ်ခုကလွဲလို့ ကျန်ဂိတ် အားလုံးကို KIA က ထိန်းချုပ်ထားတာဖြစ်ပါတယ်။
နယ်စပ်ဂိတ်တွေ ပိတ်ထားတဲ့အတွက် တရုတ်ကလာတဲ့ ကုန်ပစ္စည်းတွေ ပြတ်လပ်လာသလို တချို့ကုန်ပစ္စည်း တွေလည်း စျေးတက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်နိုင်ငံဘက်ကနေ နယ်စပ်ဂိတ်တွေပိတ်ပြီး မြန်မာနိုင်ငံထဲကို ကုန်ပစ္စည်းတင်သွင်းခွင့် ကန့်သတ်ထား တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အောက်တိုဘာလ ၂၃ ရက်နေ့မှာ အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီနေ့အထိ အကြောင်းပြန်လာတာ မရှိသေးပါဘူး။
_________
KIO ဌာနချုပ် လိုင်ဇာမြို့ရှိ တရုတ်နယ်စပ်ဝင်ပေါက်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ်။ (Citizen Photo)
#နယ်စပ်ဂိတ် #KIA #တရုတ် #လွတ်လပ်တဲ့အာရှအသံ #rfaburmese