မိတ္ထီလာလေတပ်စခန်းတိုက်ခိုက်မှု စစ်သုံးလေယာဉ် ၆စီးပျက်စီးပြီး စစ်ဆင်ရေးထပ်ဖော်ဆောင်မည်ဟု ပကဖ သတိပေး

by

in

မိတ္ထီလာလေတပ်စခန်းတိုက်ခိုက်မှု စစ်သုံးလေယာဉ် ၆စီးပျက်စီးပြီး စစ်ဆင်ရေးထပ်ဖော်ဆောင်မည်ဟု ပကဖ သတိပေး
MTO

မန္တလေးတိုင်း၊မိတ္ထီလာမြို့ရှိ ရှမ်းတဲလေတပ်စခန်းနှင့် အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်ကို ဒရုန်း၂၄ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်သုံးလေယာဉ်ခြောက်စီးပျက်စီးကြောင်း မိတ္ထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံ ဦးနောင်ချိုက မဇ္ဈိမကို ပြောသည်။
“အစောပိုင်းကရတဲ့ သတင်းတွေအရတော့ Y-12 လေယာဉ်နှစ်စီး အသေးစားပျက်စီးမှုတွေဖြစ်သွားတယ်လို့သိရပြီး အခုနောက်ပိုင်းသတင်းတွေအရ နောက်ထပ်လေ့ကျင့်ရေးလေယာဉ်သုံးစီး၊တိုက်ခိုက်ရေးလေယာဉ်တစီးပျက်စီးတယ်လို့ အတည်ပြုချက်ရတယ်” ဟု ဦးနောင်ချိုက ယနေ့(နိုဝင်ဘာလ ၁၃ရက်) ပြောသည်။
ရှမ်းတဲလေတပ်စခန်းနှင့် တပ်မ(၉၉)က်ို ၁၁၁၁ရွှေလင်းယုန်ဒရုန်းအထူးစစ်ဆင်ရေးဖြင့် နိုဝင်ဘာလ ၁၁ ရက်နေ့ မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဟု မိတ္ထီလာမြို့နယ်ပကဖ(Meiktila Revolution Force)က သတင်းထုတ်ပြန်ထားသည်။
ရှမ်းတဲလေတပ်စခန်းရှိ လေယာဉ်ထုတ်လုပ်ထိန်းသိမ်းရေးနေရာမှ လေယာဉ်ထားသည့်နေရာများ၊ အရာရှိရိပ်သာနှင့် တပ်မ(၉၉)ဌာနချုပ်ဝင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး စစ်သုံးလေယာဉ်များအပြင် အဆောက်အအုံနှင့် အခြား ပျက်စီးမှုများလည်းရှိကြောင်း ဦးနောင်ချိုကပြောသည်။
“ယမ်းသိုလှောင်ရုံရယ်၊လေယာဉ်ထိန်းသိမ်းပြုပြင်ရေးအတွက်လုပ်တဲ့ စက်တွေပျက်စီးသွားတယ်။ စက်ရုံလိုက်ပါ မီးလောင်တယ်လို့လည်း ကြားတယ်။ အဲ့အထဲမှာ အလုပ်လုပ်တဲ့ စစ်သည် လေးဦးလည်းထိခိုက်တယ်။ နောက်ပြီး တပ်မ(၉၉)က အရာရှိတယောက်လည်း ထိတယ်” ဟု ၎င်းက ပြောသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှထိခိုက်ပျက်စီးမှုများ၊ ဒဏ်ရာရရှိမှုများနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။စစ်ကောင်စီ၏သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်းထားသော်လည်း အဆက်အသွယ်မရရှိသေးပေ။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည်ရှမ်းတဲလေတပ်စခန်းနှင့် တပ်မ(၉၉)ကို အဝင်အထွက်ပိတ်ပစ်ခဲ့ပြီးတပ်မိသားစုဝင်များ၏ လက်ကိုင်ဖုန်းများကိုပါ သိမ်းဆည်းကာ တပ်အချင်းချင်း ဆက်သွယ်မှုကိုပါဖြတ်တောက်ခဲ့သည်ဟု မိတ္ထီလာမြို့နယ်ပကဖက ထုတ်ပြန်ထားသည်။
ထိုအပြင် မိတ္ထီလာမြို့တွင်း လုံခြုံရေးတင်းကြပ်ပြီး လမ်းမများပေါ် နှင့် မြို့အဝင်အထွက်များတွင်ပိတ်ဆို့စစ်ဆေးခြင်းများပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။
“ ည ၇နာရီ နောက်ပိုင်း ညမထွက်ရ အမိန့်ထုတ်လိုက်တယ်။ ပြီးတော့မြို့တွင်းနေရာတွေမှာစစ်ဆေးမှုတွေ တောက်လျှောက်လုပ်လာနေတယ်။နေအိမ်တွေထဲအထိ ဝင်ရောက်စစ်ဆေးတာတွေတော့မကြားရသေးဘူး” ဟု ဒေသခံတဦးက ပြောသည်။
ယင်းအပြင် စစ်ကောင်စီသည် မိတ္ထီလာမြို့၊ အထွေထွေအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများကို ဌာနအပြောင်းအလဲပြုလုပ်ခြင်း၊တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့တာဝန်ရှိသူများကို စစ်ဆေးခြင်းများပြုလုပ်လျက်ရှိကြောင်း ဦးနောင်ချိုက ပြောသည်။
အဆိုပါစစ်ဆင်ရေးအတွက် အချိန်တနှစ်နီးပါး ကြိုတင်ပြင်ဆင်ခဲ့ရသည်ဟု မိတ္ထီလာမြို့နယ်ပကဖက အသိပေးထုတ်ပြန်ထားသည်။လေ့ကျင့်ချိန်များတွင် ဒရုန်းလေးစီးနှင့်အခြား မော်တော်ယာဉ်နှင့် ဆိုင်ကယ်ပျက်စီးမှုများလည်းရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါ စစ်ဆင်ရေးကို မိတ္ထီလာဒရုန်းတပ်ဖွဲ့၊မိတ္ထီလာတပ်ရင်း (၃)၊၁၈၂၅ စစ်ကိုင်းခရိုင်ဒရုန်းတပ်ဖွဲ့၊မြင်းခြံခရိုင်တပ်ရင်း (၈)နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ထောက်ပံ့ကူညီမှု၊ရှားထူးဝေါ်နည်းပညာအဖွဲ့၏ နည်းပညာပိုင်းအကူအညီဖြင့်အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့သည်ဟုမိတ္ထီလာမြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။
ရှမ်းတဲလေတပ်စခန်းသည် ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းကလည်း ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသေးသည်။အဆိုပါ လေတပ်စခန်းကိုအသုံးပြု၍ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
၁၁၁၁ ရွှေလင်းယုန်ဒရုန်းအထူးစစ်ဆင်ရေးမှစတင်ကာမိတ္ထီလာမြို့ကိုဝင်ရောက်လာတော့မည်ဖြစ်ပြီး မြို့ခံပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကိုဆန့်ကျင်ကြရန်၊ ပူးပေါင်းဆောင်ရွက်ခြင်းမပြုလုပ်ရန်၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ပြည်သူများအပေါ်ဖိနှိပ်အနိုင်ကျင့်မှုများ မလုပ်ဆောင်ဘဲပြည်သူနှင့်အတူ ပူးပေါင်းရန်၊လုပ်ငန်းရှင်များလည်း စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများမပြုလုပ်ရန် မိတ္ထီလာမြို့နယ်ပကဖ(Meiktila Revolution Force)က နိုဝင်ဘာလ ၁၂ရက်တွင် သတိပေးချက်ထုတ်ပြန်ထားသည်။
စာတည်း – အေးချမ်း
ပုံအညွှန်း – ရှမ်းတဲလေတပ်စခန်းနှင့်တပ်မ(၉၉) ကို ဒရုန်းများဖြင့်တိုက် ခိုက်ရန်ပြင်ဆင်နေစဉ်