စစ်အာဏာရှင်ကိုချေမှုန်းမည့် မြေပြန့်မဟာဗျူဟာထိုးစစ် ထိရောက်နိုင်ရေး တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းနိုင်ရန် အမြဲတမ်းလမ်းဖွင့်ထားဟု NUG က ဖိတ်ခေါ်
ရန်ကုန်၊ နိုဝင်ဘာ ၁၂
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကိုချေမှုန်းတိုက်ခိုက်မည့် မြေပြန့်မဟာဗျူဟာထိုးစစ် ထိရောက်နိုင်ရေး တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းနိုင်ရန် အမြဲတမ်းလမ်းဖွင့်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ဖိတ်ခေါ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။
ယနေ့နိုဝင်ဘာလ ၁၂ ရက်နေ့တွင် “ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြား ခြင်း (Press Briefing) အစီအစဉ်” တွင် ၎င်းက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပဋိဥာဉ် ပါ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှပပျောက်ရေး ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပြီးသတ်ဖျက်သိမ်းရေး ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ၊ အရပ်သား ပြည်သူ့အစိုးရပေါ်ထွန်းရေးစသည့် ရည်ရွယ်ချက်များ အလုံးစုံပြီးမြောက်စေရန်အတွက် တိုင်းရင်း သားတော်လှန်ရေးအင်အားစုများနှင့်အတူလက်တွေ့ကျကျပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် နွေဦး တော်လှန်ရေးကာလအတွင်း ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေး အင်အားစုများနှင့် လည်း နည်းလမ်းပေါင်းစုံဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။
“တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းတည်ဆောက်ထားတဲ့ ကာကွယ်ရေး ဝန်ကြီး ဌာနရဲ့ Chain of Command အောက်မှာ တပ်ရင်းတွေအဖြစ်နဲ့ ဖွဲ့စည်းဆောင်ရွက်နေတဲ့ တပ်ဖွဲ့တွေရှိ သလို ကာကွယ်ရေးဝန်ကြီး ဌာနရဲ့စစ်ရေးအရပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ သဘောတူညီမှုနဲ့အတူ လက်တွဲ နေကြတဲ့တပ်ဖွဲ့ တွေလည်းရှိပါတယ်။ COC အောက်မှာမရှိ၊ ပူးပေါင်းဆောင်ရွက်မှု သဘော တူညီမှု ရှိမထားတဲ့ ကျန်နေသေးသော တပ်ဖွဲ့တွေနဲ့လည်း တူညီသောတော်လှန်ရေးရည်မှန်းချက် အတွက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အမြဲတမ်းလမ်းဖွင့်ထားကြောင်း ပြောလိုပါတယ်။ စတင်နေပြီ ဖြစ်တဲ့ မြေပြန့်မဟာဗျူဟာထိုးစစ်မှာ ထိရောက်တဲ့အားတစ်ခုဖြစ်နိုင်ဖို့ စနစ်ကျတဲ့ စုဖွဲ့မှု ပုံစံမျိုးနဲ့ ပူးပေါင်းနိုင်ကြဖို့အရေးကြီးပါတယ်။” ဟု ဦးနေဘုန်းလတ်က ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုက ခွင့်ပြုသည့် မည်သည့်ရင်းနှီးမြှုပ်နှံမှုကိုမဆို အသိအမှတ်ပြုမည်မဟုတ်ဟု အမျိုးသားညီညွတ် ရေးအစိုးရ-NUG အနေဖြင့် သတိပေးလိုကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“တရုတ်နိုင်ငံမှာ ပြုလုပ်နေတဲ့ ၈ ကြိမ်မြောက်မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးပွဲမှာ ပြည် သူ့အာဏာကို မတရားနည်းနဲ့လုယူဖို့ ကြိုးစားနေတဲ့အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဟာ မြန်မာနိုင်ငံမှာ လာရောက် ရင်းနီးမြှုပ်နှံကြဖို့ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ခဲ့ တာတွေ့ရပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ရင်းနီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ် ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဌာနက ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ မှာ တာဝန်ယူရှိသောလုပ်ငန်းများအတွက် လမ်းညွှန်ချက်ကို ကြေညာချက်အမှတ် ၆/၂၀၂၁ အဖြစ် ထုတ် ပြန်ခဲ့ရာမှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတစ်ခုခုကခွင့်ပြုတဲ့ မည် သည့်ရင်းနှီးမြှုပ်နှံမှု အသစ်ကိုမဆို အမျိုးသားညီ ညွတ် ရေး အစိုးရ အနေနဲ့ အသိအမှတ်ပြု လက်ခံမှာ မဟုတ်ကြောင်း အတိအလင်းဖော်ပြခဲ့ပြီးဖြစ်တယ် ဆိုတာကို ထပ်မံသတိပေးလိုပါတယ်။” ဟု ပြည် ထောင် စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။
အလားတူ မြန်မာနိုင်ငံ၏လက်ရှိအခြေအနေများကြောင့် နီးစပ်ရာအိမ်နီးချင်းနိုင်ငံများတွင် ခေတ္တခဏရွှေ့ ပြောင်း ခိုလှုံနေကြရသည့် မြန်မာနိုင်ငံသားများကို တတ်စွမ်းသမျှကူညီပေးနေကြသည့် အိမ်နီးချင်း နိုင်ငံ အားလုံးကို အထူးကျေးဇူးတင်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများအနေဖြင့် လူသားချင်းစာထောက် ထားမှုရှုထောင့်မှစဉ်းစား၍ စစ်အုပ်စုထံ ပြန်လည်ပို့ပေးခြင်းမပြုလုပ်ဘဲ ကူညီပေးကြပါရန် ဦးနေဘုန်းလတ်က မေတ္တာရပ် ခံတိုက်တွန်းထားသည်။
“အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တရုတ်နိုင်ငံမှာ ထိုင်း ဝန်ကြီးချုပ်နဲ့တွေ့ဆုံတဲ့ အခါ မှာ ထိုင်းရောက်မြန်မာနိုင်ငံသားတွေရဲ့အချက် အလက်တွေကို တောင်းခံ ခဲ့တယ်လို့ ကြားသိရပါ တယ်။ ဒီလိုတောင်းခံမှုဟာ သွေးရိုးသားရိုးမဟုတ်ပါဘူး။ အကြမ်းဖက်စစ်အုပ် စုလက်ထဲပြန်လည် လွှဲပြောင်းခံရတဲ့ ခိုလှုံသူတွေဟာ ထောင်သွင်းအကျဉ်းချခံရတာ၊ အဓမ္မစစ်သား စုဆောင်းခံရပြီး ရှေ့တန်းစစ်မျက်နှာတွေမှာလူသားဒိုင်းအဖြစ်စေခိုင်းခြင်းခံရတာတွေရှိနေတာကြောင့် အိမ်နီးချင်းနိုင်ငံ တွေ အနေနဲ့လူသားချင်းစာနာထောက်ထားရေးရှုထောင့်ကနေစဉ်းစားပြီး စစ်အုပ်စု လက်ကို ပြန်အပ် တာမျိုးတွေ မပြုလုပ်ဘဲ တတ်နိုင်သမျှ ကူညီဖေးမပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ အိမ်နီးချင်းနိုင်ငံ တွေ မှာ သွားရောက်ခိုလှုံနေထိုင်ကြတဲ့ မြန်မာ နိုင်ငံသူနိုင်ငံသားတွေအနေနဲ့လည်း အိမ်ရှင်နိုင်ငံရဲ့ စည်း မျဉ်းစည်း ကမ်းတွေကို လိုက်နာခြင်းအားဖြင့် အပြန်အလှန်နားလည်ယုံကြည်မှုကို တည် ဆောက် ကြဖို့လည်း အလေးအနက်ထား တိုက်တွန်းလိုက်ပါတယ်။” ဟု ဦးနေဘုန်းလတ်က ပြောဆိုသည်။