အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ တပ်ရင်းမှူး၊ ဗိုလ်မှူး အဆင့်ရှိသူများ အပါအဝင် စစ်ကောင်စီ တပ်သား ၃၀၀ နီးပါး AA ထံ လက်နက်ချ အလင်းဝင်
ရန်ကုန်၊ နိုဝင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ အမ်းမြို့သိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ရင်းမှူး၊ ဗိုလ်မှူး အဆင့်ရှိသူများ အပါအဝင် စစ်ကောင်စီ တပ်သား ၃၀၀ နီးပါး AA ထံ လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်များ ပြောဆိုသည်။
အမ်းမြို့ မဲတောင်ဗျူဟာကုန်းကို သိမ်းပိုက်ခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့မှစ၍ ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ စစ်ကောင်စီ တပ်သား ၃၀၀ နီးပါး AA ထံ လက်နက်ချ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မဲတောင်တိုက်ပွဲ နောက်ပိုင်း စစ်ကောင်စီတပ်သား လက်နက်ချအလင်းဝင် အရေအတွက်ဟာ ၃၀၀ နီးပါးရှိပါတယ်။ တပ်ရင်းမှူးအဆင့်ပါမယ်။ ဗိုလ်မှူးတွေပါမယ်။ ရာထူးကတော့ အစုံပါပဲ။ မိသားစုဝင်တွေလည်း ပါမယ်။ တိုက်ပွဲဖြစ်နေချိန်မှာ လက်နက်ချတာရှိသလို လက်နက်ချပြီး အလင်းဝင်ဖို့ ကမ်းလှမ်းလာတဲ့သူတွေလည်းပါတယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အလင်းဝင်လာသူများ၏ တပ်ရင်းတပ်ဖွဲ့ အမည်များနှင့် သုံ့ပန်းထိန်းသိမ်းရေး စည်းကမ်း အရ အသက်အရွယ် အမည်နာမည်များကို စစ်ရေးသတင်းရင်းမြစ်က ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ အမ်းမြို့သိမ်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်သားများထဲတွင် ရခိုင်ပြည်နယ်အတွင်းမှ ခေါ်ယူပြီး ၄၅ ရက်သင်တန်းပေးထားသော လက်နက်ကိုင်များလည်း ပါဝင်ကြောင်း သိရသည်။
“အမ်းတိုက်ပွဲမှာ ဘူးသီးတောင်၊ စစ်တွေ၊ ကျောက်ဖြူ ဒုက္ခသည်စခန်းက ရွာတွေက ခေါ်ယူထားတဲ့ သူတွေလည်း ပါတယ်။ အခု စစ်ကောင်စီဘက်မှာ အဲလိုခေါ်ယူထားတဲ့ သူတွေ အကျအဆုံးများတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အမ်းမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်ဘက်က ၄၅ ရက်သင်တန်းဆင်း လက်နက်ကိုင် ၁၀၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်း ရရှိခဲ့ကြာင်း၊ အမ်းမြို့တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အပါအဝင် တပ်ရင်း ၁၇ ခုရှိပြီး အာရက္ခတပ်တော် AA က တပ်ရင်း ၁၅ ခုနီးပါးကို သိမ်းပိုက်ထားကာ စစ်ကောင်စီတပ်ဖွဲဝင်များက နပခ ခြံဝင်းထဲ၌ အင်အားလုံးအရင်းများဖြင့် ခံစစ်ပြင်ဆင်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆက်လက်ပြောဆိုသည်။
(Western News သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက် ဖြစ်သည်)
Photo – မောင်တောမြို့နယ် တမန်းသားစခန်းမှ အလင်းဝင်ရောက်ခဲ့သော စစ်ကောင်စီတပ်သားများ