အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ်ကို AA ဆက်လက် သိမ်းပိုက်
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၇ ရက်
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)၏ စစ်လက်နက် ပစ္စည်း သိုလှောင်ရေးတပ် CODကို အာရက္ခတပ်တော် (AA) က ဆက်လက် သိမ်းပိုက်လိုက်ကြောင်း သိရသည်။
စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ်နှင့်အတူ ခြေမြန်တပ်ရင်း ခမရ ၃၇၁တို့ကိုပါ ယမန်နေ့ နိုဝင်ဘာ ၆ရက်နေ့တွင် AAက သိမ်းပိုက်လိုက်ကြောင်း သိရသည်။
အမ်းမြို့နယ် မြို့သစ်ရပ်ကွက်ရှိ စစ်ကောင်စီ၏ ခမရ ၃၇၁တပ်ရင်းကို ယမန်နေ့က အထိ AAက ထိုးစစ်ဆင်နေခဲ့ပြီးနောက် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သိရသည်။
“CODတပ်နဲ့ ၃၇၁ကို သိမ်းတာမှန်ပါတယ်။ နပခ အနီးကို ရောက်လာပါပြီ။ တပ်စခန်း ၁၂ ခုကျော်နဲ့ ဗျူဟာကုန်း၊ စိုးမိုးကုန်းတွေပါ ရယူထားတာပါ။ စစ်တပ်က လေကြောင်းပဲ အားထားစရာရှိတော့တယ်။ ပြည်မဘက်ကိုလည်း ဒေသကာကွယ်ရေးအဖွဲ့တွေက စောင့်ကြည့်နေတာဆိုတော့ စစ်တပ်က ပိတ်ဆို့ခံလိုက်ရပြီ” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၃ရက်ကလည်း စစ်ကောင်စီက တစ်မိုင်ကုန်းနှင့် ဂေါက်ကလပ်အနီးဝန်းကျင်ကို Y12လေယာဉ်များဖြင့် ဗုံးကြဲပြီးနောက် ရဟတ်ယာဉ် လေးစင်းဖြင့် လူအင်အားဖြည့်တင်းခဲ့ကြောင်း သိရသည်။
AA သည် အောက်တိုဘာ ၂၈ရက်နေ့မှစ၍ အမ်း၊ နပခအနီးရှိ တပ်ရင်းများနှင့် ဗျူဟာကုန်းများကို တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ယခုအခါတွင် တပ်စခန်း ၁၄ ခုထက်မနည်း သိမ်းဆည်း နိုင်ခဲ့ပြီး ဖြစ်သည်။
ဂျင်တောင်အနီး ဒိုင်ကြီးရွာအနီးတွင် စစ်ကောင်စီနှင့် AA တို့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်သည့်အတွက် ဒိုင်ကြီးရွာရှိ နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း BEတပ်၊ သရက်ပင်တပ်စခန်း၊ နတလဂိတ်တို့ အသိမ်းခံရ ပြီးနောက် စခန်းမှ လက်လွတ်ထွက်ပြေးခဲ့ရသော စစ်ကောင်စီတပ်ဖွဲ့များသည် ပဲပဒုံ ဂိတ်စခန်းရှိ တပ်ဖွဲ့များနှင့် ပူးပေါင်း ခုခံခဲ့သော်လည်း လက်ရှိတွင် အဆိုပါ ပဲပဒုံ ဂိတ်ကိုပါ AAက သိမ်းဆည်းထားပြီ ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ AA ၏ အဘက်ဘက်မှ ပိတ်ဆို့တိုက်ခိုက်မှုကို ခံနေရပြီး လေကြောင်း ပစ်ကူနှင့် မကွေးနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကူများဖြင့် ခုခံနေရကြောင်း သိရသည်။
ပုံစာ- အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
#အမ်း #စစ်ကောင်စီ #စစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ် #COD #AAသိမ်းပိုက် #Ayeyarwaddy_Times
အမ်း အမှတ်(၇၅၇) တပ်နှင့် တိုက်စည်းကျောင်းကို AA သိမ်းပိုက်၊ Q1 ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံး
ဓါတု
(မဇ္ဈိမ) ။ ။ အမ်းမြို့နယ်ရှိ အမှတ် (၇၅၇) အလုပ်ရုံတပ်ခွဲနှင့် တိုက်/စည်း သင်တန်းကျောင်းကို အာရက္ခတပ်တော် (AA) က ရရှိထားပြီး စစ်ကောင်စီတပ်ဖွဲ့၏ စစ်ထောက်ဌာန (ဦးစီးအရာရှိ ပထမတန်း- Q1) ဒုဗိုလ်မှူးကြီးတဦးလည်း တိုက်ပွဲတွင်း သေဆုံးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
အမ်းမြို့အောက်ရွာရှိ ဟင်းရွက်ဆည်ဘေးကပ်လျက် အမှတ်(၇၅၇) အလုပ်ရုံတပ်ခွဲနှင့် တိုက်/စည်း သင်တန်းကျောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၅ ရက်နေ့တွင် တပ်ဆုပ်သွားပြီးနောက် အာရက္ခတပ်တော်ဘက်က သိမ်းပိုက်လိုက်ခြင်းဟု ဆိုသည်။
“(၃၇၁) ထဲဝင်ပြေးကြတော့ အဲ့ဒီတပ်တွေ ရသွားပြီလို့ ဆိုရတာပေါ့။ (၃၇၁) မှာ မနေ့ကညနေအထိ တိုက်ပွဲပြင်းထန်နေတယ်။ နောက်ပြီး ဒိုင်ကြီးရွာ တိုက်ပွဲမှာလည်း Q1 တယောက် စနိုက်ဘာထိပြီး ချက်ချင်းသေသွားတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ထောက်ဌာန (ဦးစီးအရာရှိ ပထမတန်း- Q1) ဒုဗိုလ်မှူးကြီးသည် အမ်း-စစ်တွေကားလမ်းပေါ်က ဂေါက်ကွင်းအနီး ဒိုင်ကြီးကျေးရွာတိုက်ပွဲကို ကွပ်ကဲနေစဉ် နိုဝင်ဘာလ ၅ ရက်နေ့ တရက်တည်းမှာပင် သေဆုံးသွားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။
အလုပ်ရုံတပ်ခွဲနှင့် တိုက်/စည်း သင်တန်းကျောင်းမှ ခွာစစ်ဆင်သွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မော်ဆီဆိုင်ကုန်းအနီးရှိ ခမရ (၃၇၁) တပ်ရင်းထဲမှ ခုခံနေကြပြီး အနီးကပ်ထိတွေ့တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
ပြီးခဲ့သည့်အောက်တိုဘာလ တိုက်ပွဲများအတွင်း ဒဏ်ရာရရှိခဲ့သည့် ခမရ(၃၇၂) တပ်ရင်းမှူးနှင့် စစ်ဦးစီး(စစ်ဆင်ရေးပထမတန်း- G1) တဦးတို့သည် အ.ထ.က(၂)စာသင်ကျောင်းတွင် ဆေးကုသမှုခံယူနေရာမှ ယခုရက်ပိုင်းတွင် ရဟတ်ယာဥ်ဖြင့် မကွေးမြို့သို့ ရွှေ့ပြောင်းသွားပြီဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်တရပ်က ပြောသည်။
ထို့အပြင် အမ်းလေဆိပ်အနီး ကမ်းဒိတ်တောင်မှ စစ်ကောင်စီတပ်သားအချို့သည် ယခင်ရက်များက တိုက်ပွဲပြင်းထန်ခဲ့သည့် အမ်း-ပဒါန်းကားလမ်း ပဲပဒုံစစ်ဆေးရေးဂိတ်အနီး စစ်မြေပြင်အင်ဂျင်နီယာတပ်(BE) တပ် ဗဟိုကင်းသို့ ဆုတ်ခွာပြီး ခံစစ်ပြင်ထားကြောင်းလည်း အမ်းမြို့ခံများက ပြောသည်။
အပြင်စည်းအဖြစ် သတ်မှတ်ကာ နပခကို ကာရံထားသည့် တောဟိန်းတောင် ဗျူဟာကုန်းနှင့် မဲတောင်ဗျူဟာကုန်းတို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီး နပခဌာနချုပ် အနီးရှိ လက်ကျန်တပ်ရင်းကို AA က ဆက်လက်ထိုးစစ်ဆင်နေသည်။
အမ်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) နှင့် တပ်ရင်း၊ တပ်စခန်း ၁၀ ကျော်ရှိပြီး အများစုကို AA က သိမ်းထားနိုင်ပြီဟု သတင်းရင်းမြစ်များက ပြောသည်။
စခန်းသိမ်း တိုက်ပွဲများနှင့် ပတ်သက်၍ မေးမြန်းရန် အာရက္ခတပ်တော် (AA) ထံ မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
AA သည် ရခိုင်ပြည်နယ်ရှိမြို့ပေါင်း ၁၀ မြို့ထက်မနည်းကို တိုက်ခိုက် သိမ်းပိုက်ထားနိုင်ပြီး လတ်တလောတွင် အမ်းမြို့အပါအဝင် မောင်တော နခခ (၅)၊ ဂွ-ဧရာဝတီနယ်စပ်တို့တွင်လည်း တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။
စာတည်း။ ။ နောင်နောင်
ပုံအညွှန်း-အာရက္ခတပ်တော်(AA) ဓါတ်ပုံ-AA info desk