တော်လှန်ရေးအင်အားစုများရဲ့ ဘုံနိုင်ငံရေးဦးတည်ချက် ၆ချက်လက်ခံတဲ့ စစ်တပ်တာဝန်ရှိသူများနှင့် ဆွေးနွေးမယ်လို့ ရှင်းလင်းပြောကြား
-People’s Spring
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံသို့သွားရောက်နေချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များရဲ့ ဘုံနိုင်ငံရေးဦးတည်ချက် ၆ရပ်ကို လက်ခံတဲ့ စစ်တပ်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
တော်လှန်ရေးအဖွဲ့များက စစ်အာဏာသိမ်းမှုကို ဖယ်ရှားအဆုံးသတ်ပြီးပါက မြန်မာစစ်တပ်တာဝန်ရှိသူများ ကျန်ရှိနေဦးမှာဖြစ်ပြီး အဲဒီကျန်ရှိနေသူ စစ်တပ်တာဝန်ရှိသူများက ဘုံနိုင်ငံ
ရေးဦးတည်ချက် ၆ရပ်ကို လက်ခံပါက ယင်းတာဝန်ရှိသူများနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များ မဖြစ်မနေဆောင်ရွက်ဖို့ လိုအပ်တယ်လို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က နိုဝင်ဘာ ၅ရက်မှာ ကျင်းပခဲ့တဲ့ NUG ၊ K2C ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“နိုင်ငံရေးဦးတည်ချက် ၆ရပ်ကို လက်ခံလာရင်၊ စစ်ကောင်စီက လက်ခံလာရင် ဆိုတာာထက် မြန်မာစစ်တပ် တာဝန်ရှိသူတွေက လက်ခံလာတယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်ခြင်းနဲ့ အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းကိစ္စရပ်များက မဖြစ်မနေ ဆွေးနွေးရမှာဖြစ်ပါတယ်။ အဲဒီအဆင့်ကို ကျော်သွားလို့ မရပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ ချမှတ်ထားတဲ့ ဘုံသဘောထားရပ်တည်ချက်ထဲမှာ ပါတဲ့ နိုင်ငံရေးဦးတည်ချက် ၆ရပ်ပဲပြောပြော အဓိကကျတဲ့ ချုံ့လိုက်တဲ့ ၃ရပ်ပဲ ဆိုဆို အဲဒီအချက်တွေကို လက်ခံလာတဲ့ မြန်မာစစ်တပ် တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့က စကားပြောကို ပြောရမှာ ဖြစ်ပါတယ်”လို့ ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့ စစ်အာဏာသိမ်းမှု ၃နှစ်ပြည့်မှာ ထုတ်ပြန်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့များရဲ့ ဘုံသဘောထားရပ်တည်ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ချင်းအမျိုးသားတပ်ဦး CNF တို့ ပါဝင်ခဲ့ကြတာပါ။
ထုတ်ပြန်ထားတဲ့ ဘုံနိုင်ငံရေး ဦးတည်ချက် ၆ရပ်အား အတိုချုံးမည်ဆိုပါက သုံးချက်သာ ရှိပြီး ပထမအချက်မှာ စစ်အာဏာသိမ်းယူမှုကို ဖယ်ရှားပြီး စစ်တပ် နိုင်ငံရေး၌ ပါဝင်နေမှုကို အဆုံးသတ်ရန်၊ ဒုတိယ အချက်မှာ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ခုရေးဆွဲရန်နဲ့ တတိယအချက်မှာ ပဋိပက္ခ အတွင်း မတရားကျူးလွန်မှုခံနေရသူများအတွက် တရားမျှတမှုရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန်တို့ ဖြစ်တယ်လို့ KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက မနေ့က ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
NUG နဲ့ K2C(KNU၊ KNPP၊ CNF)တို့ရဲ့ ဘုံနိုင်ငံရေးဦးတည်ချက် ၆ရပ်ကို အာဏာသိမ်းစစ်တပ်က လက်ခံလာပါက လက်ရှိတော်လှန်ရေးရဲ့ ပထမအဆင့်ပြီးဆုံးပြီဟု ပြောရကြောင်း ဝန်ကြီးဦးတင်ထွန်းနိုင်က ဆိုပါတယ်။
“ဒီဦးတည်ချက် ၆ရပ်ကို လက်ခံပြီဆိုရင် ကျွန်တော်တို့ တော်လှန်ရေး ရည်မှန်းချက်က ၉၀ရာခိုင်နှုန်းလောက် ပြီးမြောက်အောင်မြင်ပြီလို့ ဆိုလို့ရပါတယ်။ သို့သော်လည်းပဲ အနားသပ်ရမယ့် ကိစ္စရပ်တွေ ရှိပါတယ်။ မြန်မာစစ်တပ်က ခုနက ပြောထားတဲ့ ပဋိပက္ခအတွင်းမှာ မတရားကျူးလွန်ခံထားရတဲ့လူတွေအတွက် တရားမျှတမှုပြန်လည်ဖော်ဆောင်ရေး အစီအမံကိုလည်း သူတို့လက်ခံတယ်။ လက်ခံတယ်ဆိုရင် အခုကျွန်တော်တို့ သိနေကြတဲ့ တကယ်တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ကျွန်တော်တို့နဲ့ စကားပြောမယ့် အခြေအနေမှာ မရှိတော့ဘူးလို့ပဲကျွန်တော်တို့ပြောရမှာပဲဖြစ်ပါတယ်။ သို့သော်လည်းပဲ သူတို့ကို ခေါင်းဆောင်ပိုင်းကိုဖယ်ရှားပြီးတဲ့အခါမှာ ကျန်ရှိနေတဲ့ တာဝန်ရှိတဲ့သူတွေနဲ့ကတော့ အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းရေးနဲ့ နောက်တစ်ခုက ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဥ်များအတွက်က မဖြစ်မနေ တွေ့ဆုံဆွေးနွေးရမယ့် အဆင့်တစ််ဆင့် ကျန်နေသေးတဲ့အတွက်မို့ ကျွန်တော်တို့ဘက်က ဘုံသဘောထားရပ်တည်ချက်မှာ ဒီအချက်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်လို့ ဒါလေးကို အများစုက လွယ်လွယ်လေးပြောပြီး လွယ်လွယ်လေးနားလည်ထားကြတယ်လို့ မြင်နေရတဲ့အတွက်မို့ ဒါလေးကို ကျွန်တော်အနေနဲ့ ထပ်ဖြည့်ပြီး အနုစိတ်တင်ပြတာဖြစ်ပါတယ်” ဟု ဝန်ကြီးဦးတင်ထွန်းနိုင်က ပြောပါတယ်။
လက်ရှိ တော်လှန်ရေးတပ်များဟာ နိုင်ငံတဝန်း အနည်းဆုံးမြို့ပေါင်း ၈၆မြို့ကိုသိမ်းပိုက်ထားပြီး ဆယ်နှင့်ချီသောမြို့များကိုလည်း ဝန်းရံပိတ်ဆို့ထားပါတယ်။ ဒါ့အပြင် အာရက္ခတပ်တော်(AA)က မောင်တော၊ အမ်း၊ ဂွ၊ တောင်ကုတ်မြို့များကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး PDF တပ်ပေါင်းစုများကလည်း အင်းတော်၊ ထီးချိုင့်မြို့များကို သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီး ၃နှစ်ခွဲကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံ ကူမင်းမြို့မှာ နိုဝင်ဘာ ၆ရက်နဲ့ ၇ရက်မှာ ပြုလုပ်နေတဲ့ ၈ကြိမ်မြောက် မဲခေါင်ဒေသခေါင်းဆောင်များ GMSထိပ်သီးညီလာခံ တက်ရောက်ဖို့ သွားရောက်နေပါတယ်။ မနေ့ မနက်ပိုင်းက မင်းအောင်လှိုင် နေပြည်တော်အေလာလေဆိပ်မှ ထွက်ခွာသွားပြီး နှစ်နာရီခန့်အကြာမှာ လေဆိပ်မှာ လက်လုပ်မိုင်းပေါက်ကွဲခဲ့ပါသေးတယ်။
#ludunwayoo #လူထုနွေဦး #NewsUpdate