မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့တွေထံမှ ငြိမ်းချမ်းရေးယူလိုကြောင်း သက်သေပြနိုင်မှာသာ တွေ့ဆုံနွေးနွေးမယ်လို့ မင်းအောင်လှိုင်ပြော
နိုဝင်ဘာ ၇၊ ၂၀၂၄
မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ဖွဲ့ထံကနေ ငြိမ်းချမ်းရေးလိုလာကြောင်းပြသမှသာ နိုင်ငံရေးအရ ဆွေးနွေးမှု လုပ်ဆောင်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်
MNDAA ၊ TNLA နဲ့ AA တို့မှာ ငြိမ်းချမ်းရေးအတွက်လိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့သက်သေပြနိုင်မှာ ဆွေးနွေးနိုင်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နိုင်ငံကိုရောက်ရှိစဉ် တရုတ်နိုင်ငံဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်တာပါ။
နိုင်ငံရေးအရ ပြောင်းလဲဖြစ်ပေါ်မှုများ၊ စိန်ခေါ်မှုများကို နှစ်နိုင်ငံအကြား ခိုင်မြဲတဲ့ ဆက်ဆံရေးဖြင့် အတူတကွ လက်တွဲကျော်ဖြတ်နိုင်ခဲ့ကြလို့ အခုကိစ္စရပ်မှာလည်း တရုတ်နိုင်ငံရဲ့ ရပ်တည်မှုဟာ အရေးပါတယ်လို့ မင်းအောင်လှိုင်က မြှောက်ပင့်ပြောဆိုခဲ့ပါတယ်။
နေ့စဉ် ရှမ်းမြောက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီက မြောက်ပိုင်းတပ်ဖွဲ့တွေဟာ ငြိမ်းချမ်းရေးကိုမလိုလားတဲ့သဘောကိုဆောင်ကြောင်း တရုတ်နိုင်ငံနဲ့တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာပါ။
ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်းကိစ္စရပ်တွေမှာ တရုတ်နိုင်ငံက မြန်မာအပေါ်ကူညီ လုပ်ဆောင်ပေးမှုတွေ ကိုလည်း ကျေးဇူးတင်ကြောင်းဆိုခဲ့ပါသေးတယ်။
မြို့ပေါင်း ၈၀ ကျော်ကို လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက တရုတ်နိုင်ငံကို ရောက်ရှိစဉ် နယ်စပ်ကုန်သွယ်ရေးတွေတိုးမြှင့်ဖို့ ၊ တရုတ်စီမံကိန်းတွေကို ကာကွယ်ပေးဖို့လည်း ပြောကြားခဲ့ပါသေးတယ်။
ပြည်တွင်းစစ်တွေနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ နိုင်ငံမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့အထိ တရုတ်လုပ်ငန်းရှင်တွေကို ပြောကြားခဲ့ပါတယ်။
မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ဟာ တရုတ်အစိုးရရဲ့ တိုက်ရိုက်ဖိတ်ကြားမှုမဟုတ်ဘဲ တရားမဝင်တဲ့ ခရီးစဉ်တစ်ခုသာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အတိအလင်းထုတ်ပြန်ပြောကြားထားပါတယ်။