မင်းအောင်လှိုင် တရုတ်ခရီးစဥ် နေပြည်တော်လေဆိပ်၌ ဗုံးကွဲမှု ဘယ်သူ့လက်ချက်လဲ
သျှမ်းသံတော်ဆင့်၊ ၂၀၂၄ နိုဝင်ဘာ ၅ ရက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်လေဆိပ်မှ တရုတ်နိုင်ငံသို့ ထွက်ခွာသည့် ယနေ့ (နိုဝင်ဘာလ ၅ ရက်) နံနက်ပိုင်းတွင် လေဆိပ်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က အတည်ပြုသည်။
တရုတ်နိုင်ငံတွင် မနက်ဖြန် ကျင်းပမည့် မဟာမဲခေါင်နှင့် ဆက်စပ် အစည်းအဝေးများ တက်ရောက်ရန် ယနေ့ နံနက် ၈ နာရီတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ဝန်ကြီးများအဖွဲ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် အတွင်းရှိ စစ်တပ် လေဆိပ် ဘက်မှ MAI အထူး လေယာဥ်နှင့် ထွက်ခွာပြီးနောက် မိနစ် ၂၀ ခန့် အကြာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု သတင်းရင်းမြစ်က ဆိုသည်။
“၅နာရီ ၄၅ လေယာဥ်တက်တယ်။ ၈ နာရီ ၂၀ မှာ ဗုံးကွဲတယ်။ ပြေးလမ်းနဲ့ ကားပါကင်ကြား ကွဲတာ၊ လက်လုပ်ဗုံးလို့ သတင်းတက်တယ်။ခုဒီမှာ (နေပြည်တော်) လှုပ်နေတာကိုး” ဟု ၎င်းကရှင်းပြသည်။
စစ်ခေါင်းဆောင် ခရီးစဥ်တွင် အသုံးပြုသည့် MAI လေကြောင်းလိုင်းပိုင် AIRBUS- 19 လေယာဥ်ကို ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန် မဂ်လာဒုံလေဆိပ်တွင် အသေးစိတ် စစ်ဆေးခဲ့သည့် နည်းတူ နေပြည်တော် လေဆိပ်ကိုလည်း အကြိမ်ကြိမ် စစ်ဆေးပြီး ဖြစ်ကြောင့် ယနေ့ လေဆိပ် နားကပ်ရန် မလွယ်ကူကြောင်း စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
“လေယာဥ်ကော ခရီးစဉ်မှာ သုံးမဲ့ ပစ္စည်းတွေကော အထပ်ထပ် စစ်ဆေးထားတာ၊ ပြေးလမ်းမပြောနဲ့ လေဆိပ်နားတောင် ကပ်ဖို့မလွယ်ဘူး။ ရာထူးကြီးတဲ့လူတောင် မဆိုင်ရင် ကပ်လို့ မရဘူး။ ခုဗုံးကွဲတာမျိုးက အရင် စစ်ထောက်လှမ်းရေးက စစ်တပ်ကို ချုပ်ကိုင်တဲ့ ပုံစံမျိုးနဲ့ ဆင်တာ” ဟု ဗုံးကွဲမှုနှင့် ပတ်သက်၍ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
လက်ရှိ စစ်ခေါင်းဆောင် ခရီးထွက်နေစဥ် နေပြည်တော်၌ တစုံတရာ ဖြစ်ပွားနိုင်သည့် အရိပ်အယောင်တွေ့ပါက ဗုံးခွဲ လုပ်ကြံရန် ကြိုးပမ်းမှု ခေါင်းစဥ်ဖြင့် ဖမ်းဆီးခံရမည်ဟု ၎င်းက သုံးသပ်သည်။
နေပြည်တော် လေဆိပ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ နီးစပ်သည့် တော်လှန်ရေး သတင်းရင်းမြစ်များအား မေးမြန်းရာ ၎င်းတို့လက်ချက် မဟုတ်ကြောင်း ပြန်လည် ဖြေကြားထားသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်ခရီးစဥ် မတိုင်မီ PARAGON ဆိုသည့် ယခင် ဗိုလ်ချုပ်ကြီးခင်ညွှန့် ၏ စစ်ထောက်လှမ်းရေး အကြီးအကဲများဖြင့် ဖွဲ့စည့်ထားသည့် အဖွဲ့က တရုတ်သို့ ကြိုတင် သွားရောက်၍ တရုတ် အစိုးရ မူဝါဒရေးရာ အကြံပေးများနှင့် ဆွေးနွေးမှုများ ရှိခဲ့သည်။
ယခုအခါ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် တရုတ်နိုင်ငံ သို့ ရောက်ရှိနေပြီး ပေကျင်းမြို့ရှိ Hualuxe Hotel တွင် တရုတ် လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ လျှပ်စစ် ထုတ်လုပ်ရေး ဦးစားပေး ဆွေးနွေးနေသည်ဟု သိရသည်။
အဆိုပါ ခရီးစဥ် အတွင်း စစ်ခေါင်းဆောင်၏ လူယုံတော်များ ဖြစ်သည့် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဗိုလ်ချုပ်ကြီး ညိုစော တို့လိုက်ပါသွားကြောင်း သိရသည်။
#SHANBurmese
#သျှမ်းသံတော်ဆင့်