ရွှေပြည်သာတွင် ဖုန်းဆိုင်မှထွက်လာသည့် လူငယ်ကို ရဲနှင့် လူမိုက် ၂ ဦးက ရိုက်နှက်ဖမ်းဆီး၍ စစ်သင်တန်းပို့

by

in

ရွှေပြည်သာတွင် ဖုန်းဆိုင်မှထွက်လာသည့် လူငယ်ကို ရဲနှင့် လူမိုက် ၂ ဦးက ရိုက်နှက်ဖမ်းဆီး၍ စစ်သင်တန်းပို့
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃ ရက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ဖုန်းဆိုင်မှထွက်လာသည့် လူငယ်တစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် လူမိုက်နှစ်ဦးက ရိုက်နှက်ဖမ်းဆီးပြီး ပြည်သူ့စစ်မှုထမ်းရန် စစ်သင်တန်းသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံများထံကသိရသည်။
ရိုက်နှက်ဖမ်းဆီးခံရသည့် လူငယ်မှာ ရွှေပြည်သာတွင်နေထိုင်သည့် အသက် ၂၁ နှစ်ဝန်းကျင်ရှိ ကိုသက်လင်း(ခ)သီဟထွန်းဖြစ်ပြီး ဖခင်မှာ ဦးဇော်ထွန်းဦးဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“ဒီကလေးက အေးပါတယ်။ သူရဲ့မိခင်ဖြစ်သူကလည်း ကျန်းမာရေး လုံးဝမကောင်းတဲ့သူပါ။ အခုအဲ့လိုဖြစ်တော့ ကျန်း မာရေးက ပိုဆိုးလာတယ်။ ပြီးတော့ ကလေးက မိဘကို လုပ်ကျွေးနေသူလည်းဖြစ်ပါတယ်။ အခုက ခြိမ်းခြောက်ပြီး စစ်မူထမ်းဖို့ မတရားရိုက်နှက် ဖမ်းဆီးခံလိုက်ရတာပါ” ဟု ရွှေပြည်သာရပ်ကွက်နေထိုင်သူတစ်ဦးက ဧရာတီတိုင်းမ်ကိုပြောသည်။
ကိုသက်လင်း(ခ)သီဟထွန်းသည် အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က ရွှေပြည်သာမြို့နယ် အောင်မေတ္တာ(ဏ) ၁၄ ရပ်ကွက်ရှိ ဖုန်းပြင်ဆိုင်တွင် ဖုန်းပြင်ပြီးထွက်လာစဉ် ရွှေပြည်သာ နယ်ထိန်းရဲ စည်သူအောင်နှင့် ပလေကပ်ပုဆိုးဝတ်ဆင်ထားသူ လူမိုက်နှစ်ဦးက ရောက်ရှိလာပြီး ရိုက်နှက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများထံက သိရသည်။
နယ်ထိန်းရဲ စည်သူအောင်နှင့် ပလေကပ်ပုဆိုးဝတ်ဆင်ထားသူနှစ်ဦးသည် ကိုသက်လင်း(ခ)သီဟထွန်းကို ရိုက်နှက်ဖမ်းဆီးပြီးနောက် ရွှေပြည်သာ(၉)ရပ်ကွက် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင် အိမ်သို့ခေါ်ဆောင်သွားခဲ့သည်။
ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်နှင့် ဦးမောင်ဦးတို့က ထပ်မံခြိမ်းခြောက်ရိုက်နှက်ကာ တပ်သားသစ် စုဆောင်းရေးဟု ပြောဆိုပြီး လျှောက်လွှာစာရွက်တွင် လက်မှတ်ထိုးခိုင်းကြောင်း အဆိုပါရပ်ကွက်တွင် နေထိုင်သူများထံက သိရသည်။
လက်ရှိ မောင်သက်လင်း(ခ)သီဟထွန်းကို ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၆) တက်ရောက်ရန်အတွက် ဖောင်ကြီးခြေလျင်အကူလက်နက်ကြီးသင်တန်းကျောင်းသို့ ပို့ဆောင်ထားကြောင်း ရပ်ကွက်တွင် နေထိုင်သူများကဆိုသည်။
အလားတူ ပြီးခဲ့သည့်လပိုင်းအတွင်းကလည်း ဧရာဝတီတိုင်း၊ ဟင်္သာခရိုင်၊ အင်္ဂမြို့နယ်မှ ရန်ကုန်မြို့၊ တောင်ဥက္ကလာဖိနပ်ဆိုင်သို့ အလုပ်လုပ်ကိုင်ရန်သွားရောက်သည့် လူငယ်တစ်ဦးမှာ ရန်ကုန်သို့ရောက်ရှိပြီး ကားပေါ်က အဆင်းတွင်ဘေးတွဲမောင်းသူ နှစ်ဦးက အဓမ္မခေါ်ဆောင်ကာ ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်ရန်အတွက် သာယာဝတီလေကြောင်းရန်ကာကွယ်ရေးတပ်သို့ ပို့ဆောင်ခဲ့သည်။
ပုံစာ- ရိုက်နှက်ဖမ်းဆီးခံရသည့် မောင်သက်လင်း(ခ)သီဟထွန်း
#ရွှေပြည်သာ #ဖုန်းပြင်ဆိုင်မှထွက်လာသည့် #လူငယ်တစ်ဦး #ရဲနှင့်လူမိုက်နှစ်ဦး #ရိုက်နှက်ဖမ်းဆီး #စစ်သင်တန်းပို့ #Ayeyarwaddy_Times