နယ်ခြားစောင့်တပ်(၁၀၀၁)ဌာနချုပ်နှင့် လဂွေ ပြည်သူ့စစ်စခန်းသိမ်းရဟု KIAအတည်ပြု
▪️ကန်ပိုက်တီဘက်စစ်ရေး ထူးခြားမှုမရှိသေး၊ KIOအနေဖြင့် အထူးဂရုစိုက်နေဟုပြော
▪️ကချင် အထူးဒေသ (၁)တွင် ကန်ပိုက်တီ နှင့်
ဖီမော်မြို့တို့သာ သိမ်းရန်ကျန်ရှိ
ထားမြတ်/People’s Spring
ကချင်ပြည်နယ် ချီဖွေမြို့နယ် တရုတ် – မြန်မာ နယ်စပ် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(၁၀၀၁) တပ်ရင်းဌာနချုပ်နှင့် ချီဖွေမြို့နယ် ပြည်သူ့စစ်စခန်းအား သိမ်းနိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။
” BGF အမှတ် (၁၀၀၁)တပ်ရင်းဌာနချုပ်ကို ဒီမနက်ပိုင်းသိမ်းရပြီးမှ လဂွေ ပြည်သူ့စစ်တပ်စခန်းကိုတော့ ဒီညနေ ၁နာရီခွဲ အချိန်လောက်မှာ အပြီးအစီးသိမ်းနိုင်တယ်ဆိုတဲ့ အတည်ပြုချက် အခုမှ ရပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
စစ်ရေးသတင်းမြစ်အချို့က BGF (၁၀၀၁) တပ်ရင်းကို အောက်တိုဘာ ၃၁ရက် ညနေကတည်းက သိမ်းထားနိုင်ခဲ့ကြောင်း ပြောထားသည်။
စခန်းသိမ်းပိုက်နိုင်ပြီးဖြစ်သော်လည်း ထိခိုက်ကျဆုံးနှင့် လက်နက်ခဲယမ်းသိမ်းရမှု အခြေအနေများ မသိရသေးဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“မြေပြင်အခြေအနေလို့ ပြောရမှာပေါ့။ သိမ်း
ဆည်းရမိတဲ့လက်နက်ခဲယမ်း နောက် ဒဏ်ရာရတဲ့ သေဆုံးတဲ့ ဒေတာပိုင်းတော့ ဘာမှ မရဘူး”ဟု ၎င်းက ဆိုသည်။
KIAအနေဖြင့် အောက်တိုဘာအတွင်းက ပန်ဝါဒေသ လုပီရွာအခြေစိုက် BGF(၁၀၀၂)တပ်ရင်းဌာနချုပ်နှင့် ကန်ပိုက်တီဒေသ စင်ကြိုင်ကျေးရွာ အခြေစိုက် (၁၀၀၃)တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ထားသည်။
KIAသည် စက်တင်ဘာလကုန်ပိုင်းမှစ၍ စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁)နယ်မြေကို ထိုးစစ်ဆင်ခဲ့ရာ ချီဖွေ၊ ဆော့လော်၊ ပန်ဝါမြို့များကို သိမ်းပိုက်ထားပြီးဖြစ်သည်။ မြန်မာ -တရုတ်နယ်စပ်မြို့များဖြစ်သည့် ကန်ပိုက်တီနှင့် ဖီမော မြို့တို့သာ ကျန်နေသည်။
“ကန်ပိုက်တီဘက်မှာတော့ သတင်းထူးတွေမရှိပါဘူး။ တရားဝင်နယ်စပ်ဂိတ်လည်းဖြစ်ပါတယ်။ ကျနော်တို့ KIOအနေနဲ့လည်း အဲဒီ နယ်စပ်ဂိတ်ကို ထူးပြီးမှ ဂရုစိုက်နေပါတယ်။ စစ်ရေး အခြေအနေက ခုထက်ထိတော့ ဘာမှ ထူးခြားမှုမရှိဘူး။ဖီမောဘက်မှာတော့ အများကြီး လိုပါသေးတယ် ဖီမောဘက်မှာတော့ တိုက်ပွဲတောင် မရှိသေးပါဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
KIAအနေဖြင့် ချီဖွေ၊ ဆော့လော်မြို့နယ်အတွင်း ထိုးစစ်ကို ယခုနှစ် စက်တင်ဘာလကုန်ပိုင်း၌ စတင်ခဲ့ရာ တစ်လခန့်အတွင်း စစ်ကောင်စီတပ် စခန်းများစွာနှင့် မြို့ ၃မြို့ကို သိမ်းပိုက်ရရှိထားသည်။
(ချီဖွေမြို့နယ် လဂွေကျေးရွာရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်စခန်းများ သိမ်းပိုက်အပြီးတွေ့ရစဉ်နှင့် စခန်းသိမ်းတိုက်ပွဲများဆက်တိုက်ဆင်နွှဲနေသောKIAတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ – CJ၊ File)
ချီဖွေမြို့နယ် လဂွေရွာရှိ တပ်စခန်းများ KIA ပူးပေါင်းတပ် သိမ်းပိုက် (ရုပ်သံ)
ဟန်နွေ/People’s Spring
ချီဖွေမြို့နယ် လဂွေကျေးရွာရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့များက ယနေ့ (နိုဝင်ဘာ ၁ရက်)တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
လဂွေကျေးရွာရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ် ပင်မစခန်းနှင့် ကာကင်းစခန်း စုစုပေါင်းစခန်း လေးခုကို နိုဝင်ဘာ ၁ရက် နံနက် ၁၁နာရီ ၄၀မိနစ်ခန့်တွင် အပြီးသတ် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
” လဂွေ Sold Out။ ပြည်သူ့စစ်နဲ့ စကစ စခန်းအကုန်သိမ်းလိုက်ပြီ။ ကာကင်းစခန်းနဲ့ ပင်မ စခန်းအားလုံး ၄ခု” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများရရှိမှု အခြေအနေကို မေးမြန်းရာ စာရင်းမသိရသေးဟု ပြောသည်။
အခြားသတင်းရင်းမြစ်တစ်ဦးကလည်း ” ဒီမနက် ၁၁နာရီမှာ အပြီးအစီး ရှင်းလင်းရေးလုပ်လိုက် တယ်”ဟု လဂွေရွာရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်စခန်း သိမ်းပိုက်နိုင်မှုအပေါ်ပြောပြသည်။
လဂွေဒေသ စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
KIA ပူးပေါင်းတပ်သည် စစ်ကောင်စီနှင့် လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း၏ ကချင်အထူးဒေသ(၁)ကို စက်တင်ဘာလကုန်ပိုင်းက အရှိန်မြှင့်ထိုးစစ်ဆင်ခဲ့ရာ တစ်လ ခန့်အတွင်း ချီဖွေ၊ ဆော့လော်၊ ပန်ဝါမြို့များ၊ စစ်ကောင်စီ လက်အောက်ခံ ဗျူဟာစခန်းများ၊ နယ်ခြားစောင့်တပ်(BGF) ၁၀၀၁ တပ်ရင်း၊ BGF(၁၀၀၂) တပ်ရင်းနှင့် BGF(၁၀၀၃) တပ်ရင်းဌာနချုပ်များ၊ ပြည်သူ့စစ်စခန်းအများအပြားကို သိမ်းပိုက်ထားသည်။
KIAအနေဖြင့် မြန်မာ -တရုတ်နယ်စပ် ကန်ပိုက်တီမြို့သိမ်းနိုင်ရေးနှင့် ဖီမော်ဒေသတစ်ခုလုံး အပြီးသတ် သိမ်းပိုက်နိုင်ရေးတိုက်ပွဲများ ဖော်ဆောင်လျက်ရှိသည်။
ရုပ်သံ- T Awng T Awng