မန္တလေးမြို့သစ်က စစ်အုပ်စု ရပ်ကွက်ရုံး ဗုံးထုခံရ၊
ပျူတွေ မထိဘဲ ပြည်သူတွေ ထိတယ်လို့ စစ်အုပ်စု သတင်းဖြန့်၊
ဒေါ်လာ/MFP ၊ အောက်တိုဘာ – ၃၁
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြိုနယ်၊ ဇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ မနေ့က ညဦးပိုင်း ဗုံးထုဖောက်ခွဲ တိုက်ခိုက် ခံရပြီး ပျူတွေ ထိခိုက်တာ မရှိဘဲ ကလေးသူငယ် အပါအဝင် ပြည်သူနှစ်ဦး ဒဏ်ရာရတယ်လို့ စစ်အုပ်စုက သတင်း ဖြန့်ပါတယ်။
အောက်တိုဘာလ ၂၀ ရက် ည ၈ နာရီခွဲက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြိုနယ်၊ ဇရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသားနှစ်ဦးက လက်လုပ်ဗုံး တစ်လုံးနဲ့ ပစ်ပေါက်ကာ ဖောက်ခွဲ တိုက်ခိုက်တာ ဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် ရပ်ထားတဲ့ကား နှစ်စီး အနည်းငယ် ထိခိုက်ပျက်စီးကာ အသက် ရှစ်နှစ်အရွယ် ကလေးငယ်နဲ့ အမျိုးသားတစ်ဦး ဒဏ်ရာအနည်းငယ် ရတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။
အဲ့ဒီ ဖောက်ခွဲ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်သူက ဖောက်ခွဲတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
မနေ့က ညနေ ၆ နာရီအချိန် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ၅၆လမ်းနဲ့ ၁၃၃လမ်းအနီး၊ ဇ ရပ်ကွက်ရုံးမှာ လူစည်ကားနေချိန် ဗုံးပေါက်ကွဲခဲ့တာလို့ မန္တလေးမြေပြင်ကင်းထောက် Voice Of Mandalay – Vomdy က ဖော်ပြပါတယ်။
“ဗုံးပေါက်ကွဲမှုအပြီး ၆နာရီ ၁၅ မိနစ် အချိန်တွင် စခများ ရောက်ရှိလာပြီး လမ်းသွားလမ်းလာ လူငယ်များကို ဖမ်းဆီး ရိုက်နှက်နေကြောင်း သိရှိရသည်။ ဗုံးပေါက်ကွဲမှုကြောင့် ၁၀နှစ်ဝန်းကျင် ကလေးတစ်ယောက်နှင့် ပြည်သူ ၁၀ဦးနီးပါး ထိခိုက်ကြောင်း သိရှိရသည်။ ပြည်သူပြောဆို ချက်အရ “အဲနားမှာ အောင်ဇဗ္မူ စတိုးဆိုင်ရှိတယ်၊ အဲ့နားက အဓိက စျေးကြီးဗျ။ ပတ်ဝန်းကျင် တခုလုံး ဒီနားမှာ စျေးလာဝယ်နေကြတဲ့ အချိန် ဖြစ်သွားတာ ပျူ အထိအခိုက်တော့ ရှိပေမယ့် ကနဦး သတင်းအရတော့ အတိအကျကိုတော့ မသိရသေးပါဘူး။ ရုံးရှေ့မှာတော့ ပျူစောထီး မုန့်ဆိုင်လေးတွေ ရှိတယ်၊ ဗုံးကွဲပြီးတော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့ အခြေအနေက အတည်ပြုရ ခက်ခဲနေတယ်။ အလုပ်ပြန်တွေနဲ့လည်း အကုန် ရောထွေးနေတယ်။ အဲ့နားက မနက်ည စျေးဖြစ်တော့ ညနေ အလုပ်ပြန် လူစည်တယ်လေ” လို့ ဒေသခံတစ်ဦးက ပြောကြောင်း Vomdy က ဖော်ပြပါတယ်။
မန္တလေးက တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရပြီးနောက် ၁၀ရက်ကျော်အထိ တရားခံ မဖမ်းနိုင်ဘဲ ဖြစ်နေတဲ့ စစ်အုပ်စုက ရပ်ကွက်ရုံး ဗုံးထုတိုက်ခိုက်ခံရကြောင်း ဖန်တီးတာလည်း ဖြစ်နိုင်တယ်လို့ မြို့ခံတချို့က သုံးသပ်ပါတယ်။
စစ်အုပ်စုဟာ ယခုရက်ပိုင်း မန္တလေးမြို့က ပရဟိတ အသင်းတချို့ကို စီးနင်းကာ ဖမ်းဆီးတာတွေ လုပ်နေသလို ယမန်နေ့က PDF တစ်ဦး အလင်းဝင်တယ်လို့လည်း သတင်းဖြန့်ထားပါတယ်။
ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ဇ ရပ်ကွက်ရုံး/Photo – စစ်အုပ်စု