မြန်မာနိုင်ငံတစ်ဝန်းရှိ စက်မှုဇုန်များအားလုံးတွင် ယနေ့မှစတင်၍ တစ်ရက်လျှင် ၄ နာရီသာ အလှည့်ကျ လျှပ်စစ်မီးပေးမည်ဟု စစ်ကောင်စီက အကြောင်းကြား
ရန်ကုန်၊ အောက်တိုဘာ ၃၁
မြန်မာနိုင်ငံတစ်ဝန်းရှိ စက်မှုဇုန်များအားလုံးတွင် ယနေ့မှစတင်၍ တစ်ရက်လျှင် ၄ နာရီသာ အလှည့်ကျ လျှပ်စစ်မါ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနက အသိပေး အကြောင်းကြားလာကြောင်း ရန်ကုန်တိုင်းစက်မှုဇုန်လုပ်ငန်းရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့မှစတင်၍ နိုင်ငံတစ်ဝန်းရှိ စက်မှုဇုန်များအားလုံးကို တစ်နေ့လျှင် လျှပ်စစ်မီး ၄ နာရီသာ ပေးမည်ဖြစ်ကြောင်း၊ စက်မှုဇုန်များအနေဖြင့် တစ်ရက်လျှင် နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ(သို့မဟုတ်) မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ တစ်ရက်လျှင် ၄ နာရီသာ မီးပေးမည်ဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်း လျှပ်စစ်မီး ၄ နာရီ ရရှိပါပြီးလျှင် တစ်နေကုန် မီးဖြတ်တောက်မည်ဖြစ်ပြီး နောက်တစ်နေ့တွင် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ လျှပ်စစ်မီး ၄ နာရီ ပြန်ပေးမည်ဖြစ်ကြောင်း၊ တစ်ရက်လျှင် ၄ နာရီသာလျှင် လျှပ်စစ်မီး ပေးနိုင်တော့မည်ဖြစ်ကြောင်း တရားဝင် အသိပေး လာသည်။
” လုပ်ငန်းရှင်တွေကတော့ စနစ်ဆိုး၊ ခေတ်ဆိုးကြီးထဲ လမ်းပျောက်သူတွေ များနေပြီ။ အခုလည်း မိုးတောင်မကုန်သေးဘူး လျှပ်စစ်မီးက တစ်နေ့ ကို ၄ နာရီပဲ ပေးတော့မမယ်လို့ ကြေညာတယ်။ မီးစက်မောင်းဖို့ ဒီဇယ်ဝယ်တော့လည်း စက်မှုဇုန်ထောက်ခံစာ၊ မြို့နယ်ထောက်ခံစာ အဆင့်ဆင့်နဲ့ ဝယ်ရတယ်။ အလွယ်တကူ ဝယ်လို့မရဘူး။ ဒီဇယ်ဆီဝယ်ရတဲ့စျေးနှုန်းကလည်း စက်သုံးဆီဆိုင်တွေက ကားတွေ၊ ယာဉ်တွေကို ရောင်းတဲ့ဈေးထက်လည်း ပိုပေးရတယ်။ တကယ့်ငရဲပါပဲ” ဟု ရန်ကုန်တိုင်းမှ စက်မှုဇုန်လုပ်ငန်းရှင်က ရှင်းပြသည်။
ရန်ကုန်တိုင်းတွင် စက်မှုဇုန် ၂၉ ဇုန်ရှိပြီး စက်မှုဇုန်များသည် ဇုန်အလိုက်ခွဲခြား၍ တစ်ရက်လျှင် ၄ နာရီသာ လျှပ်စစ်မီး ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးများတွင် တစ်ရက်လျှင် ၄ နာရီ လျှပ်စစ်မီးပေး၊ ၄ နာရီ လျှပ်စစ်မီး ဖြတ်တောက်သည့် အလှည့်ကျစနစ်ဖြင့် မီးပေးနေပြီး ယခုရက်ပိုင်းအတွင်း ရန်ကုန်တွင် လျှပ်စစ်မီးပြတ်မှု အခြေအနေ ဆိုးရွားလာကြောင်း ပြည်သူများက ပြောဆိုကြသည်။
“မနက် ၅ နာရီကနေ မီးလာရင် မနက် ၉ နာရီ ပြတ်ပြီ။ အဲဒီကနေ မီးပြတ်သွားတာ မွန်းလွဲ ၁ နာရီမှာ မီးပြန်လာတယ်။ ပြီးတော့ ညနေ ၅ နာရီမှာ မီးပြန်ပြတ်သွားတယ်။ ည ၉ နာရီမှ မီးပြန်လာတယ်။ ပြီးရင် လာရင်လည်း လာနေတာပဲ။ မလာချင်ရင်လည်း မလာဘူး။ အခုရက်ပိုင်းတော့ မီးပြတ်တာ အချိန်ပိုများလာတယ်။ မိုးတောင် မကုန်သေးဘူး” ဟု ရန်ကုန်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
လျှပ်စစ်မီးများ ပြတ်တောက်နေသော်လည်း လျှပ်စစ်မီတာခမှာ လစဉ် ပုံမှန် ပေးနေရပြီး အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံး လျှပ်စစ်မီတာခ ငွေကျပ် ၅၀၀၀၀ အထက် ပေးဆောင်နေရသည်ဟု ရန်ကုန်မြို့ခံများက ပြောဆိုကြသည်။