စစ်ကောင်စီအတွက် လေယာဥ်ဆီနဲ့ စက်ကိရိယာတွေ ထောက်ပံ့နေတဲ့ ကုမ္ပဏီ ၆ခုကို UK အစိုးရ ပိတ်ဆို့အရေးယူမယ်

by

in

စစ်ကောင်စီအတွက် လေယာဥ်ဆီနဲ့ စက်ကိရိယာတွေ ထောက်ပံ့နေတဲ့ ကုမ္ပဏီ ၆ခုကို UK အစိုးရ ပိတ်ဆို့အရေးယူမယ်
အောက်တိုဘာ ၃၀၊ ၂၀၂၄
အကြမ်းဖက်စစ်ကောင်စီအတွက် လေယာဥ်လောင်စာဆီနဲ့ စက်ကိရိယာတွေ ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီ ၆ခုကို UK အစိုးရက ပိတ်ဆို့အရေးယူသွားဖို့ရှိတယ်လို့ ဗြိတိသျှသံရုံးက ထုတ်ပြန်လိုက်ပါတယ်။
အောက်တိုဘာ ၂၉ရက်၊ မနေ့ကထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်ထဲမှာ Asia Sun Group Company Limited ၊ Swan Energy Company Limited ၊ Myan-Oil Company Limited ၊ Rich Ray Trading Company Limited ၊ Progress Technology Support Company Limited (a.k.a Royal Shune Lei) နဲ့ King Royal Technologies Company Limited တို့ကို ပိတ်ဆို့အရေးယူသွားမယ်လို့ ဖော်ပြပါတယ်။
အခုနှစ်(၂၀၂၄) ဩဂုတ်လအတွင်း မြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်အရေအတွက်ဟာ အများဆုံးမှတ်တမ်းတင်ခဲ့ပြီး အရပ်သားစုစုပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် UK အနေနဲ့ မြန်မာပြည်သူပြည်သားတွေ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းသောဒီမိုကရေစီ အနာဂါတ်အတွက် ​မြန်မာပြည်သူတွေနဲ့အတူ အခိုင်အမာ ရပ်တည်ဆဲဖြစ်ကြောင်းနဲ့ စစ်ကောင်စီအနေနဲ့ တာဝန်ခံမှု၊ တရားမျှတမှုရှိဖို့နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ အီးယူ၊ ကနေဒါနိုင်ငံတို့နဲ့အတူ ပူးတွဲတောင်းဆိုထားတယ်လို့လည်း သိရပါတယ်။
ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Catherine West က “နိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်ရဲ့ အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်မှုအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လက်ခံနိုင်ဖွယ် မရှိပါ။ အပြစ်မဲ့ အရပ်သားတွေအပေါ် ထိခိုက်ခြင်းဟာလည်း သည်းခံနိုင်ဖွယ်မဟုတ်ပါ။”
“ဒါကြောင့် ဒီနေ့ ယူကေဟာ မြန်မာစစ်တပ်ဆီကို ပစ္စည်းကိရိယာတွေနဲ့ လေကြောင်းလောင်စာတွေ ဖြန့်ဖြူးရောင်းချနေသူတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဖက်များဖြစ်တဲ့ အီးယူနဲ့ ကနေဒါနိုင်ငံနဲ့အတူ စစ်တပ်ရဲ့ ရန်ပုံငွေ၊ ပစ္စည်းကိရိယာများနဲ့ အရင်းအမြစ်များ ရယူသုံးစွဲခွင့်ကို ပိုမိုကန့်သတ်လိုက်ခြင်းဖြစ်ပါတယ်။ ယခုချမှတ်လိုက်တဲ့ ပိတ်ဆို့မှုတွေဟာ မြန်မာစစ်တပ်အပေါ် ဖိအားတိုးများစေမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားများနဲ့ ၄င်းတို့ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းသော ဒီမိုကရေစီ အနာဂါတ်အတွက် ယူကေဟာ ကူညီထောက်ပံ့မှုတွေနဲ့အတူ အခိုင်အမာ ရပ်တည်ဆဲဖြစ်ပါတယ်။’’ လို့ ပြောကြားထားပါတယ်။