မန္တလေး ပရဟိတမင်းခေါင် ကယ်ဆယ်ရေးအသင်း ဥက္ကဌ အပါအဝင် တစ်သင်းလုံးကို စစ်အုပ်စုက ဖမ်းဆီးပြီး သတင်း အမှောင်ချထား၊
ဒေါ်လာ/MFP ၊ အောက်တိုဘာ – ၃၀
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘို – အောင်ချမ်းသာရပ်ကွက်ရှိ ပရဟိတ မင်းခေါင် ရှာဖွေ ကယ်ဆယ်ရေး အသင်းရုံးကို အောက်တိုဘာလ ၂၆ရက် ညနေပိုင်းမှာ စစ်အုပ်စုက စီးနင်းပြီး အသင်း ဥက္ကဌ အပါအဝင် တစ်သင်းလုံးကို ဖမ်းခေါ်သွားတယ်လို့ အဲ့ဒီ အသင်းဝင်တွေနဲ့ နီးစပ်သူတချို့က MFP ကို ပြောပါတယ်။
အောက်တိုဘာလ ၂၆ရက် ညနေပိုင်းမှာ အရပ်ဝတ်တွေ၊ အိမ်စီးကားတွေနဲ့ လာတဲ့ စစ်အုပ်စုက ပရဟိတမင်းခေါင် အသင်းရုံးကို စီးနင်းကာ ရုံးမှာ ရှိနေသူတွေ အားလုံးကို ဖမ်းခေါ်သွားတာ ဖြစ်ပြီး ဒီကနေ့ အထိ သတင်း ထုတ်ပြန်တာ မရှိသလို ဘယ်ကို ဖမ်းခေါ်သွားတယ် ဆိုတာလည်း မသိရဘဲ အဆက်အသွယ် ပြတ်နေတယ်လို့ ဆိုပါတယ်။
“မန္တလေးက ပရဟိတမင်းခေါင် အသင်း အောက်တိုဘာ ၂၆ရက်မှာ တသင်းလုံး လာဖမ်းသွား။ ရုံးစောင့် အမျိုးသမီးတစ်ယောက်ပဲ ကျန်ခဲ့တယ်။ ဘာကြောင့်ဆိုတာ အဲ့ဒါ မသိရသေးဘူး” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ပရဟိတမင်းခေါင် အသင်း ဥက္ကဌ ဦးခင်မောင်တင့် အပါအဝင် အသင်းသားတချို့ အဖမ်းခံရတာ မှန်ပေမယ့် ဘယ်နှဦး ဖမ်းခံရပြီး ဘယ်ကို ခေါ်သွားတယ်ဆိုတာ နောက်ဆက်တွဲ မသိရဘူးလို့ ဆိုပါတယ်။
“မန္တလေးမြို့အခြေစိုက် ပရဟိတမင်းခေါင် အသင်းအား အောက်တိုဘာ ၂၆ရက်တွင် နယ်မြေခံရဲ မပါဘဲ အရပ်ဝတ်များဖြင့် တစ်သင်းလုံး လာရောက် ခေါ်ဆောင်သွားကြောင်း၊ အသင်းဥက္ကဌ အပါအဝင် နေပြည်တော်သို့ ခေါ်ဆောင်သွားကြောင်း သိရ၊ ခေါ်ဆောင်စစ်ဆေးရသည့် အကြောင်းမှာ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နာရေးပို့သည့် ပရဟိတအသင်း ဖြစ်သည့်အတွက် ခေါ်ယူခြင်း ဖြစ်ကြောင်း၊ လိုက်ပို့သည့် အခြားနယ်မှ ပရဟိတအသင်းများကိုလည်း နေပြည်တော်ထိ ခေါ်ယူ စစ်ဆေးနေကြောင်း သတင်း ရရှိပါသည်” လို့ မန္တလေးမြေပြင်ကင်းထောက် Mdy Revolution က ဖော်ပြပါတယ်။
အောက်တိုဘာလ ၈ရက်က ပြုလုပ်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဌ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ နာရေးကို လိုက်ပါပို့ဆောင်မှုကြောင့် ဖမ်းဆီးခံရတာလို့ သတင်းထွက်နေသလို ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေးမြို့ ပရဟိတ အသင်းတစ်ခုက အသင်းဝင် လူငယ် အမျိုးသားတစ်ဦးကို PDF ထောက်ပို့ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်အုပ်စုက ဖမ်းဆီးပြီးနောက် အဲ့ဒီလူငယ်နဲ့ ဆက်စပ်သူတွေကို နောက်ဆက်တွဲ ဖမ်းဆီးရာမှာ ပရဟိတ မင်းခေါင် အသင်းဝင်တွေ ဖမ်းဆီးခံရတာလို့လည်း သတင်းထွက်နေကြောင်း နီးစပ်သူတချို့က ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ဖမ်းဆီးထားတဲ့ ပရဟိတ မင်းခေါင် အသင်းသားတွေရဲ့ ဖုန်းကတဆင့် ကျန်ရှိနေတဲ့ အသင်းသားတွေကို ဆက်သွယ်တာတွေ လုပ်နေတယ်လို့လည်း သတင်းကြားကြောင်း မန္တလေး မြေပြင်ကင်းထောက် Vomdy က ဖော်ပြပါတယ်။
“ပရဟိတ မင်းခေါင်ရုံးအား စကစ မှ အင်အား ခန်မှန်း ၂၀လောက်ဖြင့် ဒေါက်ဇော် နာရေးပို့သည့် သတင်းဖြန့်ကာ ထောက်ပို့ လုပ်သည်ဟု စွပ်စွဲ၍ အသင်း ဥက္ကဋ္ဌ အပါအဝင် တစ်သင်းလုံးနီးပါးအား ဖမ်းဆီး ခေါ်ဆောင်သွားပြီး အသင်းရုံး အစောင့်သဘောဖြင့် လေးယောက်ဝန်းကျင်သာ ကျန်ခဲ့ကြောင်းသိရှိရသည်။ ထို့အပြင် စကစ မှ ဖမ်းဆီး ခေါ်ဆောင်သွားသည့် အသင်းသားများ၏ ဖုန်းများဖြင့် ကျန်ရှိလွတ် မြောက်နေသော အသင်းသား များအား ဖုန်းဖြင့် ဆက်သွယ်နေကြောင်း သိရှိရသည်” လို့ Vomdy က ဆိုပါတယ်။
မန္တလေးမြို့မှာ စစ်အုပ်စုနဲ့ ပျူစောထီးတွေ ကြီးစိုးသောင်းကျန်းနေပြီး လမ်းပေါ် ဂိတ်ဖွင့်ကာ ဖမ်းဆီးငွေညှစ် သတ်ဖြတ်တာတွေ အပါအဝင် မြို့ခံတွေကို အကြောင်းပြချက် မျိုးစုံနဲ့ ဖမ်းဆီးတာ၊ ငွေညှစ်တာ၊ ထောင်ချတာ၊ တချို့ကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာတွေ ဆက်တိုက် ကျူးလွန်နေတာ ဖြစ်ပါတယ်။
မန္တလေးမြို့ ပရဟိတမင်းခေါင် အသင်း ဥက္ကဌနဲ့ အသင်းသားတချို့/Photo – ပရဟိတမင်းခေါင်