စစ်ကောင်စီ၊ အာဆာအပါအဝင် မူဆလင်လက်နက်ကိုင်များနှင့် AAတိုက်ပွဲ ဆက်ဖြစ်ဟု ထုတ်ပြန် ▪️မူဆလင်လက်နက်ကိုင်များသည် ဒေသတည်ငြိမ်ရေးအတွက် စိန်ခေါ်မှု အသစ်ဖြစ်လာဟု AA အသိပေး

by

in

စစ်ကောင်စီ၊ အာဆာအပါအဝင် မူဆလင်လက်နက်ကိုင်များနှင့် AAတိုက်ပွဲ ဆက်ဖြစ်ဟု ထုတ်ပြန်
▪️မူဆလင်လက်နက်ကိုင်များသည် ဒေသတည်ငြိမ်ရေးအတွက် စိန်ခေါ်မှု အသစ်ဖြစ်လာဟု AA အသိပေး
▪️မောင်တော၊ အမ်း၊ ကျိန္တလီနှင့် တောင်ကုတ်တွင် တိုက်ပွဲများရှိ၊တိုက်ပွဲမရှိသည့် မြို့ရွာဒေသများကိုပါ စစ်ကောင်စီလေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်၍ အရပ်သာ သေဆုံးထိခိုက်နေ့စဉ်ရှိဟုဆို
ရှိုင်း/People’s Spring

ရက္ခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)အကြား တိုက်ပွဲများ ဆက်ရှိနေသကဲ့သို့ အာဆာ(ARSA) အပါအဝင် မူဆလင်လက်နက်ကိုင်များနှင့်လည်း တိုက်ပွဲများရှိနေကြောင်း AAက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။
AAနှင့် စစ်ကောင်စီတပ်တို့သည် မောင်တော၊ အမ်း၊ ကျိန္တလီမြို့ ပတ်ဝန်းကျင်များတွင်
နေ့စဉ်ရက်ဆက် ဖြစ်ပွားလျက်ရှိနေသကဲ့သို့ တောင်ကုတ်မြို့ပတ်ဝန်းကျင်၌လည်း တိုက်ပွဲများ ရံဖန်ရံခါဖြစ်ပွားလျက်ရှိသည်ဟု အသိပေးသည်။
မောင်တောမြို့တွင် စစ်ကောင်စီ၏ နခခ (၅) စခန်းတစ်ခုသာ ကျန်ရှိနေပြီ ဖြစ်သော်လည်း မောင်တော နှင့် ဘူးသီးတောင်မြို့များ၌ အာရက္ခတပ်တော်မှ လောလောဆယ်
လက်လှမ်းမမှီသေးသော နေရာအချို့နှင့် တောထူထပ်သောတောင်တန်းများထဲတွင် ARSA၊ RSO၊ ARA လက်နက်ကိုင်တပ်ဖွဲ့ဝင်များက တပ်စခန်းများကို
အခိုင်အမာတည်ဆောက်ပြီး ခိုအောင်းလျက်ရှိဟုဆိုသည်။ မူဆလင်လက်နက်ကိုင်များကို အစွန်းရောက်အကြမ်းဖက်ဟု AAက ဖော်ပြခဲ့သည်။
ထို့အပြင် ARSA၊ RSO၊ ARA က အခိုင်အမာတည်ဆောက်ထားသည့် တပ်စခန်းများကို ဗဟိုပြုပြီး ၎င်းတို့က အရပ်သားပြည်သူလူထုများအား လာရောက်ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ သတ်ဖြတ်ခြင်း၊ပြန်ပေးဆွဲခြင်း၊ငွေညှစ်ခြင်းတို့ဆက်တိုက်ကျူးလွန်နေဟု ထုတ်ပြန်ထားပြီး ဖြစ်စဉ် အသေးစိတ် အခြေအနေများ ဖော်ပြမထားပေ။
အချို့နေရာများ၌ စစ်ကောင်စီနှင့် ARSA ၊ RSO၊ ARA လက်နက်ကိုင်တပ်ဖွဲ့ဝင်များပူးတွဲစစ်ရေးလှုပ်ရှားကာ AAကို လာရောက်တိုက်ခိုက်မှုရှိဟု ဆိုသည်။
ယင်းလက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက်အန္တရာယ်မှာ အာရက္ခဒေသ အတွင်း၌သာမက ဘင်္ဂလားဒေ့ရှ်-အာရက္ခ နယ်စပ် နှစ်ဖက်တွင်နေထိုင်ကြသော အရပ်သားပြည်သူ လူထုများအတွက်ပါ များစွာစိုးရိမ်စရာ ကောင်းကြောင်း AAက ထုတ်ပြန်ကာ ဖြစ်ရပ်များမှာ စိန်ခေါ်မှု အသစ်တစ်ခု ဖြစ်လာခဲ့ပြီး ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပြည်သူ့လုံခြုံရေးတို့ကို စိန်ခေါ်လျက်ရှိဟု ဖော်ပြသည်။
ထို့ကြောင့် AA အနေဖြင့် မောင်တော နှင့်ဘူးသီးတောင်မြို့ပတ်ဝန်းကျင်များ၌ ARSA ၊ RSO ၊ ARA လက်နက်ကိုင်တပ်ဖွဲ့ဝင်များ
ခိုအောင်းနိုင်သော နေရာများ နှင့် စစ်ကောင်စီမှ သင်တန်းပေးထားပြီး ၎င်းတို့လက်နက်တပ်ဆင်ပေးထားသော မူဆလင်လက်နက်ကိုင် အချိုတို့အား လိုက်လံရှင်းလင်းနေသည်ဟု အသိပေးသည်။
ARSAနှင့်တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို အသိပေးခဲ့ရာ ဘူးသီးတောင်မြို့နယ်၊ ခရုချောင်း (မူဆလင်) ကျေးရွာ၏ အနောက်မြောက်ဘက်ရှိ
တောင်တန်းတွင် အောက်တိုဘာလ (၁၉) ရက်က စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲ ၅ကြိမ်ရှိခဲ့ကြောင်း၊ ARSA အခိုင်အမာစခန်းချနေထိုင်ခဲ့သောနေရာ (၄) နေရာ၊ စစ်ကောင်စီမှ တပ်ဆင်ပေးထားသော လက်နက်ခဲယမ်းများအပြင် မူဆလင်လက်နက် ကိုင်တပ်ဖွဲ့ဝင် အလောင်းအချို့ရရှိဟု AAက ထုတ်ပြန်သည်။
အောက်တိုဘာလ (၂၂) ရက်ကလည်း မောင်တောမြို့နယ်၊ ဂြင်းတောစခန်း၏ အရှေ့ဖက်တွင်ထွက်ပြေးနေသော ARSA တပ်ဖွဲဝင်များနှင့် မိနစ်အနည်း ငယ်ခန့်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ထွက်ပြေးလွတ်မြောက်နေသော မူဆလင် လက်နက်ကိုင် တပ်ဖွဲ့ဝင်များ နှင့် စစ်ကောင်စီမှ စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်တပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းနေကြောင်း AAက အသိပေးသည်။
စစ်ကောင်စီတပ်က အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်မှု အခြေအနေများကိုလည်း AAက ထုတ်ပြန်ခဲ့ရာ
စစ်တွေမြို့ရှိ စစ်ကောင်စီ တပ်စခန်းများက ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့များဘက်သို့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်နေသကဲ့သို့ ကျိန္တလီ၊ကမ်းသာယာမြို့များမှလည်း တိုက်ပွဲဖြစ်ပွားရာနေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာများ၊ မြို့၊ ရွာများသို့ပါ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြသည်။
ပင်လယ်ပြင်တွင် တပ်စွဲထားသော စစ်ကောင်စီ၏ စစ်သင်္ဘောကြီးများပေါ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကိုလည်း
နေ့တိုင်းပြုလုပ်လျက်ရှိရာ စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှုတို့မှာ နေ့တိုင်းဖြစ်ပျက်လျက်ရှိကြောင်း အသိပေးသည်။ အရပ်သား ထိခိုက်သေဆုံး အရေအတွက်နှင့် ဖြစ်စဉ်များကို ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။