ရန်ကုန်၊ ဘုရင့်နောင်စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားသော လူငယ် ၄၀၀ ဦးကျော်ကို ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၆ စစ်သင်တန်းတက်ရန် ပို့ဆောင်

by

in

ရန်ကုန်၊ ဘုရင့်နောင်စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားသော လူငယ် ၄၀၀ ဦးကျော်ကို ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၆ စစ်သင်တန်းတက်ရန် ပို့ဆောင်
ရန်ကုန်၊ အောက်တိုဘာ ၂၀
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ဘုရင့်နောင်စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားသော လူငယ် ၄၀၀ ဦးကျော်ကို ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၆ စစ်သင်တန်းတက်ရန် ပို့ဆောင်လိုက်ကြောင်း ရန်ကုန်တိုင်း စစ်ကောင်စီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၈ နာရီအချိန် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်စစ်ကြောရေးနှင့်တည်းခိုခန်းစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသော လူငယ် ၁၂၀၀ ကျော်ကို ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၆ စစ်သင်တန်းတက်ရန်အတွက် စစ်ယာဉ်တန်းဖြင့် စတင်ပို့ဆောင်ခြင်းဖြစ်ကြောင်း၊ စစ်ကား ၂၅ စီးခန့်ပါဝင်ပြီး တစ်စီးလျှင် လူဦးရေ ၂၀ ဝန်းကျင်ပါဝင်ကြောင်း၊ လုံခြုံရေးအပြည့်ဖြင့် လူငယ် သင်တန်းသားများကို ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ရန်ကုန်တိုင်းမှာ ပေါ်တာဆွဲတာရော၊ အလှည့်ကျ စစ်မှုထမ်းခေါ်တာရောမှာ စုစုပေါင်း လူဦးရေ ၁၂၀၀ ကျော်တယ် စုဆောင်းထားတာ။ အဲဒီအထဲကမှ ၄၀၀ လောက်ကို ဟိုပုံးတကနသင်တန်းကျောင်းကို ပို့ပါတယ်။ ရှမ်းတောင် ဟိုပုန်းမှာသင်တန်းတက်ရမှာဖြစ်ပါတယ်။ ယာဉ်တန်းပို့လိုက်ပြီ။ တပ်မတော်လုံခြုံရေးကားတွေကလည်း ယာဉ်တန်းရဲ့ ရှေ့၊လယ်၊နောက်မှာ လိုက်ပါပါတယ်” ဟု ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ရှင်းပြသည်။
ရန်ကုန်တိုင်းအတွင်းတွင် ယခု စစ်မှုထမ်း အပတ်စဉ် ၆ အတွက် စစ်ကောင်စီက လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်း၊ အလှည့်ကျ မဖြစ်မနေ အတင်းအကျပ် လူစုဆောင်း သင်တန်းတက်ခိုင်းခြင်းများကြောင့် လျာထားချက်ထက် ပိုမို၍ လူဦးရေ ရရှိခဲ့ကြောင်း၊ ထို့ကြောင့် အခြားပြည်နယ်နှင့်တိုင်းများဘက်ရှိ စစ်တပ်သင်တန်းကျောင်းများသို့ စေလွှတ်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းအတွင်းရှိ စစ်သင်တန်းကျောင်းများတွင်လည်း လူဦးရေ လိုအပ်ချက်ထက် ပြည့်မီစွာ ရရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်မှုထမ်းအပတ်စဉ် ၆ အတွက် စုဆောင်းခံထားရသည့် လူငယ်များ။