ကန်ပိုက်တီဒေသရှိ နယ်ခြားစောင့်တပ်(၁၀၀၃) တပ်ရင်းဌာနချုပ်ကို KIAသိမ်းပိုက် ▪️ကန်ပိုက်တီနှင့် ပန်ဝါဒေသရှိ စစ်ကောင်စီလက်အောက်ခံတပ်စခန်း ၅ခုထက်မနည်း ယနေ့သိမ်းပိုက် ▪️တိုက်ပွဲကြောင့် ပန်ဝါဒေသခံများ စစ်ဘေးရှောင်ရန် ကြိုးပမ်း၊ တရုတ်ဘက်က ပေးမဝင်၍ နယ်စပ်ဂိတ်၌ စုပြုံနေ

by

in

ကန်ပိုက်တီဒေသရှိ နယ်ခြားစောင့်တပ်(၁၀၀၃) တပ်ရင်းဌာနချုပ်ကို KIAသိမ်းပိုက်
▪️ကန်ပိုက်တီနှင့် ပန်ဝါဒေသရှိ စစ်ကောင်စီလက်အောက်ခံတပ်စခန်း ၅ခုထက်မနည်း ယနေ့သိမ်းပိုက်
▪️တိုက်ပွဲကြောင့် ပန်ဝါဒေသခံများ စစ်ဘေးရှောင်ရန် ကြိုးပမ်း၊ တရုတ်ဘက်က ပေးမဝင်၍ နယ်စပ်ဂိတ်၌ စုပြုံနေ
ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ကံပိုက်တီဒေသ စင်ကြိုင်ကျေးရွာအနီးရှိ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(၁၀၀၃) တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ ညနေပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။
အောက်တိုဘာ ၁၅ရက်တွင် ပန်ဝါမြို့အနီး လုပီဒေသ အခြေစိုက် နယ်ခြားစောင့်တပ် BGF (၁၀၀၂) တပ်ရင်းဌာနချုပ်ကို KIAက သိမ်းပိုက်ပြီးနောက် ကန်ပိုက်တည်-ဆဒုံးကြားရှိ (၁၀၀၃)တပ်ရင်းကို ယနေ့တွင် ဆက်လက်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
“ဟုတ်တယ် ၁၀၀၃က ဒီညနေ ၅နာရီလောက် သူတို့က ရှင်းလင်းရေးလုပ်လိုက်တယ်။ မနက်ပိုင်းက ကာကင်းကို မနက်ပိုင်း သိမ်းလိုက်တယ်။ ညနေပိုင်းတော့ ၁၀၀၃ကို ပြန်သိမ်းလိုက်တာပေါ့။ သူတို့ ရှင်းလင်းရေးလုပ်လိုက်တာ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အခြားသတင်းရင်းမြစ်တစ်ဦးကလည်း အမှတ်(၁၀၀၃)နယ်ခြားစောင့်တပ် (စစ်ကြိုင်)၏ ကာကင်းစခန်း သုံးခုကို သိမ်းပိုက်ထားသလို ပန်ဝါမြို့အနီး ချန်းယင်ခူး ဂိတ်စခန်း၊ ကန်ပိုက်တည် လမ်း လဖိုင်နှင့် နခတ(၁၀၀၃)ကြားရှိ ဒွန်ဘန်ခ တံတားစခန်းအား သိမ်းပိုက်ပြီး ဖြစ်ဟု အသိပေးသည်။
စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်ကလည်း (၁၀၀၃)တပ်ရင်းကို နယ်မြေရှင်းလင်းနေကြောင်း ကနဦး သတင်းရရှိသည်ဟု ယနေ့ညနေပိုင်းတွင် ပြောသည်။
KIA သည် ဆဒုံး၊ ချီဖွေ၊ ဆော့လော်မြို့များကို အပြီးသတ် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁)နယ်မြေ၌ကျန်နေသည့် ပန်ဝါနှင့် ကန်ပိုက်တည်မြို့များ သိမ်းပိုက်နိုင်ရေးဦးတည်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
အဆိုပါ ကန်ပိုက်တည်နှင့် ပန်ဝါမြို့များသည် မြန်မာ-တရုတ်နယ်စပ် အခြေစိုက်မြို့များ ဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ပွဲများအတွင်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် BGF ခေါင်းဆောင်အချို့ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးမှုရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ် အချို့က အသိပေးသည်။
KIAသည် ကချင်အထူးဒေသ(၁)နယ်မြေရှိ စစ်ကောင်စီ စခန်းများ တိုက်ခိုက်မှုကို ယခုနှစ် ဇွန်လတွင် စတင်အရှိန်မြှင့်ဆောင်ရွက်ခဲ့ရာ ဇွန်လအတွင်း၌ ဆဒုံး ဒေသရှိ ဗျူဟာစခန်းအပါအဝင် စစ်ကောင်စီ လက်အောက်ခံ စခန်း ၂၀ ကျော်၊ စက်တင်ဘာ လကုန်နှင့် ယခု အောက်တိုဘာလဆန်း ချီဖွေနှင့် ဆော့လော်မြို့သိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီ လက်အောက်ခံ စခန်း ၁၃ခုထက်မနည်း၊ အောက်တိုဘာဒုတိယ ပတ်မှ လလယ်အထည် ပန်ဝါ နှင့် ယခု ကန်ပိုက်တည်ဒေသ တိုက်ပွဲ၌ စစ်ကောင်စီလက်အောက်ခံ စခန်း ၁၁ခုထက်မနည်း သိမ်းပိုက်ထားပြီးဖြစ်သည်။
အဆိုပါတပ်စခန်းများကို အချိန်တိုအတွင်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဇွန်လမှ ယနေ့ အောက်တိုဘာ ၁၇ရက်နေ့အထိ စစ်ကောင်စီတပ်စခန်း၊ ပြည်သူ့စစ်စခန်း၊ BGF စခန်း ၄၅ ခုထက်မနည်းသိမ်းပိုက်ရရှိထားသည်။
စစ်ကောင်စီ လက်အောက်ခံ ကချင်အထူးဒေသ(၁) ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း အနေဖြင့် စစ်ကောင်စီ လက်အောက်မှ အမြန် ရုန်းထွက်ပြီး KIO/KIAနှင့် ပူးပေါင်းရန် ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က တိုက်တွန်းထားသည်။
” ပန်ဝါ (ပသစ) တပ်ဖွဲ့ဝင်များ တံခါးဖွင့်ားတဲ့အချိန် အမြန် ပူးပေါင်းကြပါ”ဟုလည်း သတင်းရင်းမြစ်က တိုက်တွန်းထားသည်။
လက်ရှိ တိုက်ပွဲများကြောင့် ပန်ဝါဒေသခံများ စစ်ဘေးတိမ်းရှောင်ရန် ကြိုးစားနေသော်လည်း တရုတ်ဘက်က တံးခါးပိတ်ထား၍ ပြည်သူများ အခက်ကြုံနေကြရသည်ကို လည်း သတင်းရင်းမြစ်အချို့က ရုပ်သံမှတ်တမ်းဖော်ပြသည်။
“တရုတ်ပြည် တံခါးလည်း ဖွင့်မပေးချင်ဘူးနော။ သူတို့ တရုတ်တွေတော့ ဝင်ခိုင်းသွားတယ်နော” ဟု စစ်ရှောင်ရန် ကြိုးပမ်းနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ရုပ်သံမှတ်တမ်းပါ စစ်ရှောင်များတွင် ကလေးငယ်နှင့် အမျိုးသမီးများကို အဓိက တွေ့ရသည်။
(တိုက်ပွဲကြောင့် ပန်ဝါဒေသခံများ စစ်ဘေးရှောင်ရန် တရုတ်နိုင်ငံဘက်က ထွက်ရန်ကြိုးပမ်ူရာ ပေးမဝင်၍ နယ်စပ်ဂိတ်၌ စုပြုံနေနေစဉ်။ ဓာတ်ပုံ – File)