မောင်တောကို အပြီးသတ်သိမ်းယူဖို့ AA ထိုးစစ်ဆင်နေပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အပြင်းအထန် ခုခံနေ

by

in

မောင်တောကို အပြီးသတ်သိမ်းယူဖို့ AA ထိုးစစ်ဆင်နေပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အပြင်းအထန် ခုခံနေ
အောက်တိုဘာ ၁၆၊ ၂၀၂၄
ရခိုင်ပြည်နယ်၊ မောင်တောဒေသကို အပြီးသတ်
တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ ရခိုင့်တပ်တော် AA ဟာ စက်တင်ဘာလ ဒုတိယအပတ်ကတည်းက နခခ (၅) နယ်ခြားစောင့်ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အကြမ်းဖက်စစ်တပ်ကလည်း လေကြောင်းကနေ ပစ်ကူပေးတာ၊ လေယာဉ်ဗုံးကြဲတာတွေပြုလုပ်နေတာကြောင့် နှစ်ဘက် ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ရခိုင့်တပ်တော် AA က မောင်တောဒေသရဲ့နောက်ဆုံးခံတပ်ဖြစ်တဲ့ နခခ ၅ ဌာနချုပ်ကို ထိုးစစ်ဆင်နေပြီး အောက်တိုဘာလ ၁၅ရက် မနေ့က ညပိုင်းမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပစ်ကူ တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
“လက်ရှိ နခခ ၅ ဌာနချုပ်ကို ရခိုင့်တပ်တော် AA က အနီးကပ်ထိုးစစ်ဆင်နေတာ။ မနေ့က ၃ရက်မြောက်ပေါ့။ အနီးကပ် ကျားထိုးစစ်ချီတက်တာတွေပါ လုပ်ဆောင်နိုင်ခဲ့တယ်။ စခန်းအပြီးသတ် သိမ်းပိုက်ခါနီးမှ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာ ပစ်ကူပေးတာတွေပါလုပ်နေလို့ ဌာနချုပ်စခန်းကို မသိမ်းပိုက်နိုင်သေးတာ”လို့ AA နဲ့ နီးစပ်တဲ့ မောင်တောဒေသခံတစ်ယောက်က ပြောပါတယ်။
အထက်ပါ သတင်းရင်းမြစ်ကပဲ ဆက်ပြီး “မနေ့ည သန်းခေါင်ကျော်မှာ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ဗုံးလာကြဲတယ်။ ဂျက်ဖိုက်တာ လေယာဥ်အသုံးပြုပြီး ၂ကြိမ်တိတိ ဗုံးကြဲတယ်။ Y12 လေယာဥ်နဲ့ ပစ်ကူပေးတာကော ဗုံးကြဲတာကော လုပ်တယ်။ ည၂နာရီထိုးလောက်မှာ ဗုံးသီး အလုံး၄၀ လောက်ကြဲချလို့ နခခ ဌာနချုပ်ကို အနီးကပ်ထိုးစစ်ဆင်မှု ခေတ္တရပ်ထားရတယ်” လို့ ဆိုပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၆ ရက် မနက် ၁၀ နာရီကျော်မှာလည်း စစ်ကောင်စီက လေကြောင်းဗုံးကြဲမှု လုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။ စစ်ကောင်စီက မောင်တောရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ နခခ ၅ ဌာနချုပ် မကျဆုံးရေး အသည်းအသန် ကာကွယ်နေတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုံစာ – စက်တင်ဘာ ၅ရက်နေ့မှာ သံတွဲအခြေစိုက် စစ်ကောင်စီ ရေတပ်စခန်းကို အပြီးသတ်သိမ်းပိုက်ပြီးနောက် တွေ့မြင်ရတဲ့ AA တပ်ဖွဲ့ဝင်များ