မလှိုင်မြို့တွင် လက်ဖက်ရည်ဆိုင်မ​ပိတ်၍ဆိုကာ စစ်တပ်က ဆိုင်အတွင်း ဝင်ရောက်ရိုက်နှက်ပြီး ဆိုင်ကယ်များ သိမ်းယူသွား

by

in

မလှိုင်မြို့တွင် လက်ဖက်ရည်ဆိုင်မ​ပိတ်၍ဆိုကာ စစ်တပ်က ဆိုင်အတွင်း ဝင်ရောက်ရိုက်နှက်ပြီး ဆိုင်ကယ်များ သိမ်းယူသွား
အင်ကြင်း/People’s Spring
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့ပေါ်တွင် လက်ဖက်ရည်ဆိုင်မပိတ်သေး၍ဟုဆိုကာ စစ်ကောင်စီတပ်သားများက ဆိုင်ထိုင်နေသူများအား ဝင်ရောက်ရိုက်နှက်ပြီး ၎င်းတို့​၏ ဆိုင်ကယ် ၁၅စီးခန့်အား သိမ်းယူသွားကြောင်း မြို့ခံများက ပြောသည်။
အောက်တိုဘာ ၁၂ ရက် ည ၇နာရီခန့်က မလှိုင်မြို့လယ် မီးပွိုင့်အနီးရှိ လက်ဖက်ရည် ဆိုင်အား စစ်ကောင်စီတပ်က ဝင်ရောက်ပြီး ထိုင်နေသော ပြည်သူများအား ဝမ်းလျားမှောက် ကာ ရိုက်နှက်ခဲ့ကြောင်း၊ ထို့နောက် ပြည်သူများ ၏ ဆိုင်ကယ် ၁၅ စီးခန့်အား အဓမ္မသိမ်းယူသွားကြောင်း မလှိုင်မြို့ခံများက ပြောသည်။
“ည ၇နာရီရှိသေးတယ်။ လက်ဖက်ရည်ဆိုင်မပိတ်လို့ဆိုပြီး ထိုင်နေတဲ့သူတွေကို အပြစ်ရှာ ဝမ်းလျားမှောက်ခိုင်းအထိလုပ်တာလို့ သိရပါတယ်။ သေနတ်တွေ ပစ်ဖောက်ပြီးကို ဝင်ရမ်းတာပါ။”ဟု လူထုသတင်းကွန်ယက်-မလှိုင်မြို့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် မလှိုင်မြို့ပေါ်၌ စစ်ကောင်စီတပ်က ​ဆိုင်ကယ်များအား နေ့စဥ်စစ်ဆေးတင်းကြပ်နေပြီး လိုင်စင်အပြည့်အစုံပါသော်လည်း ငွေညှစ်နေကြောင်း ဒေသခံများက ပြောသည်။
မလှိုင်မြို့နယ်နှင့် နယ်မြေချင်း ထိဆက်နေသည့် တောင်သာနှင့် နွားထိုးကြီးမြို့နယ်များတွင် သြဂုတ် ၁၀ရက်ကစတင်ခဲ့သည့် မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် တိုက်ပွဲများဖြစ်ပွားနေသည်။
ထို့အပြင် စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်နေ၍ ပြည်သူများ ထိခိုက်သေဆုံးမှုများရှိနေသည်။
(အာဏာသိမ်းကာလအစောပိုင်းက မြိတ်မြို့တွင် စစ်ကောင်စီတပ်သားများက ပြည်သူများ၏ ဆိုင်ကယ်များအား အဓမ္မသိမ်းယူနေစဥ်။ ဓာတ်ပုံ – CJ)