ဖားဆောင်းနဲ့ ဘောလခဲကြားရှိ ထူးချောင်းစခန်းကုန်းကနေ စစ်ကောင်စီတပ် စခန်းစွန့်ခွာထွက်ပြေး…

by

in

ဖားဆောင်းနဲ့ ဘောလခဲကြားရှိ ထူးချောင်းစခန်းကုန်းကနေ စစ်ကောင်စီတပ် စခန်းစွန့်ခွာထွက်ပြေး…
အောက်တိုဘာ ၁၄ ၊ ၂၀၂၄
ကရင်နီဒေသ၊ ဖားဆောင်းမြို့နဲ့ ဘောလခဲမြို့ အကြားရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ “ထူးချောင်းစခန်းကုန်း”ကနေ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ဖားဆောင်း PDF က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁၂ ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ထူးချောင်းစခန်းကုန်းကို စွန့်ခွာထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် ထူးချောင်းစခန်းကုန်းကို ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ်နဲ့အတူ တော်လှန်ရေးတပ်ပေါင်းစုက ၀င်ရောက်ရှင်းလင်းခဲ့ရာ လက်နက် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဖားဆောင်း PDF က ဆိုပါတယ်။
အဲ့ဒီစစ်ဆင်းရေးကို တော်လှန်ရေးတပ်ပေါင်းစုနဲ့အတူ ဖားဆောင်း PDF ၊ KA Drone Force တို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ဖားဆောင်းရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို တော်လှန်ရေးတပ်များ သိမ်းပိုက်နိုင်ရန်ကြိုးပမ်း
ဂျူချန်း
မဇ္ဈိမ။ ။ကရင်နီပြည်၊ ဖားဆောင်းမြို့တွင် စစ်ကောင်စီ၏ ခလရ (၁၃၄)နှင့် ခလရ(၁၃၅)တပ်စခန်း နှစ်ခု သာ ကျန်ရှိတော့ပြီး ယင်းစခန်းများကို သိမ်းပိုက်နိုင်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။
“ဖားဆောင်းအခြေစိုက် (၁၃၄)၊ (၁၃၅) တပ်စခန်းနှစ်ခုသာ ကျန်ရှိပါတယ်။ (၁၃၅)က မသိမ်းရသေးပါဘူး ဝိုင်းထားဆဲပါ” ဟု KNDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့က ဖားဆောင်းနှင့် ဘော်လခဲမြို့ကြား ပြည်ထောင်စုလမ်းမကြီး ပေါ်ရှိ ထူးချောင်းစခန်းကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် တော်လှန်ရေး ပူးပေါင်းတပ်မှ စခန်းကိုရှင်းလင်းရာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ဖားဆောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(ဖားဆောင်း PDF) မှ အောက်တိုဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဖားဆောင်းမြို့နယ်ရှိ စစ်ကောင်စီတပ် အထိုင်ချရာတပ်စခန်းများဖြစ်ကြသည့် ပါပုကျေးရွာအနီးရှိ စေတီ ကုန်း၊ စေတီကုန်း(၂)၊ ရဲစခန်းတံတား၊ စစ်ဆေးရေးရဲဂိတ်နှစ်ခု၊ မြို့နယ်ခမ်းမ၊ ထီးထာ၊ မော်ချီးစစ်ဆေး ရေးဂိတ်၊ မော်ချီးကုန်းစခန်းများအား သိမ်းပိုက်ရရှိထားကြောင်း ကရင်နီတပ်ပေါင်းစုမှ မတ်လ ၂၃ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။ ယင်းစခန်းများအား လက်ရှိချိန်ထိ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း KNDF ပြန် ကြားရေးတာဝန်ခံက ပြောသည်။
ဖားဆောင်းမြို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းမှစတင်ကာ ကရင်နီတပ်မတော်(KA)၊ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ ကရင်နီအမျိုးသာများကာကွယ်ရေးတပ် (KNDF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များက ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။
ဖားဆောင်းမြို့ စခန်းသိမ်းတိုက်ပွဲသည် အချိန်ကာလကြာမြင့်နေပြီဖြစ်ပြီး မြေပြင်တွင် လက်နက်ခဲယမ်း များလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလဒုတိယအပတ်အတွင်းက ဖားဆောင်းမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များအား စစ်ကူပေးရန် ဘောလခဲဖက်မှ ဖားဆောင်းမြို့သို့ ခမရ (၅၁၆)၊ ခမရ (၅၁၅)၊ ခလရ (၁)၊ ခလရ (၁၃၅)မှ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့က ပါပုကျေးရွာအနီးတွင် ဖြတ်တောက်တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးကာ တပ်ရင်းမှူး နှင့် ဒုရင်းမှူးများအပါအဝင် ၅၆ ဦး လက်နက်ချအညံ့ခံခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် အစုံ ၇၀ ကျော်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း KNDF မှ မေလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
လက်ရှိတွင် ဖားဆောင်းမြို့မရဲစခန်းအပါအဝင် မြို့၏နေရာအများစုကို တော်လှန်ရေးတပ်ဖွဲ့မှ ထိန်းချုပ် ထားနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့က ဖားဆောင်းအခြေစိုက် တပ်ရင်းနှစ်ခုတွင်သာ တော်လှန်ရေးတပ်ဖွဲ့များ ၏ထိုးစစ်ကို ခုခံနေကြောင်း သိရသည်။
စာတည်း။ ။စောဖေ
ဓါတ်ပုံ- ဖားဆောင်းPDF