ဘုတလင်မြို့နယ်၊ တက်လှိုင်းရွာကို စစ်တပ်က ဝင်ရောက်ပစ်ခတ်စီးနင်းပြီး သံဃာတော်များအပါအဝင် ပြည်သူ ၁၀၀ ဦးခန့်ကို ဖမ်းဆီးထား

by

in

ဘုတလင်မြို့နယ်၊ တက်လှိုင်းရွာကို စစ်တပ်က ဝင်ရောက်ပစ်ခတ်စီးနင်းပြီး သံဃာတော်များအပါအဝင် ပြည်သူ ၁၀၀ ဦးခန့်ကို ဖမ်းဆီးထား
ရန်ကုန်၊ အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်၊တက်လှိုင်းရွာကို စစ်ကောင်စီတပ်ဖွဲ့က မနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ မနက်ပိုင်းက ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁၀၀ ဦးခန့်ကို ဖမ်းဆီးထားတယ်လို့ ဒေသပြည်သူထံမှ သိရှိရပါတယ်။
ဘုတလင်မြို့နယ် မြောက်ကျီရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းက တက်လှိုင်းရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး တက်လှိုင်းရွာ စာသင်ကျောင်းထဲမှာ သံဃာတော်တွေအပါအဝင် ‌ပြည်သူ ၁၀၀ခန့်ကို ဖမ်းဆီးထားတာဖြစ်တယ်လို့ ဒေသပြည်သူတွေက ပြောပါတယ်။
“ဖမ်းဆီးခံထားရတာ အနည်းဆုံး ရာဂဏန်းတော့ ရှိတယ်၊မြောက်ကျီကနေ ထိုးလာတဲ့ စစ်ကြောင်းက တွေ့သမျှ ကလေး၊လူကြီး၊ဘုန်းကြီးတွေပါ ဖမ်းလာတာ”လို့ ဆိုပါတယ်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့က သူတို့တပ်စွဲထားတဲ့ မြောက်ကျီရွာမှာလည်း ရွာခံတွေနဲ့ ဘုတလင်မြို့ပေါ်က ပြည်သူ ၅၀ခန့်ကို ဖမ်းဆီးထားတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မြောက်ကျီရွာမှာ ဖမ်းဆီးခံထားရတဲ့ ပြည်သူတချို့ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ရှိပြီး လက်ရှိမှာတော့ အသေးစိတ် အခြေအနေကိုအတည်ပြုလို့တော့ မရသေးပါဘူး။
တက်လှိုင်းရွာကို ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးမှုတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီစစ်ကြောင်းက အောက်တိုဘာလ ၁၂ ရက် မနက်အစောပိုင်းက လည်း ဘုတလင်မြို့ပေါ် မှာနေထိုင်တဲ့ ကုန်စုံဆိုင်ပိုင်ရှင် မိသားစုဝင် ၆ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။
ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ စစ်သားများ။ (ပုံအဟောင်းဖြစ်ပါသည်။)
(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)