သီပေါ ခလရ(၂၃)တွင် တိုက်ပွဲ ဆက်ဖြစ်

by

in

သီပေါ ခလရ(၂၃)တွင် တိုက်ပွဲ ဆက်ဖြစ်
ဟန်နွေ/People’s Spring
သီပေါမြို့နယ် ခလရ(၂၃)တပ်ရင်းတွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတို့ ​အောက်
တိုဘာ ၆ ရက်တွင်တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း TNLAကသတင်းထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ၁၀၄ ရက်မြောက်​နေ့အဖြစ် အောက်တိုဘာ ၆ရက် စစ်ရေးသတင်းထုတ်ပြန်ရာ၌ အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။
ယနေ့တွင်ခလရ(၂၃)၌တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီက ခလရ(၂၃) တပ်စခန်းနေရာသို့ထောက်ပို့ လေယာဉ် Y12 ဖြင့် ၇ကြိမ်လက်နက်ခဲယမ်း ၁၂ ထုပ်လာရောက်ကြဲချခဲ့သည်ဟုလည်း TNLAကထုတ်ပြန်သည်။
TNLAသည် သီပေါမြို့ကိုသိမ်းပိုက်ထားပြီးမြို့
နယ်အတွင်းကျန်နေသည့်ခမရ(၅၀၃)၊ ခမရ(၅၀၄)
နှင့် ခလရ(၂၃) တပ်ရင်းများကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ ခမရ( ၅၀၄)နှင့် (၅၀၃) တပ်ရင်းများကို စက်တင်ဘာလကုန်ပိုင်း၌ သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်မြေပြင် သတင်းရင်းမြစ်အချို့က အသိပေးထားသော်လည်း TNLAက စစ်ကောင်စီတပ်ရင်းများသိမ်းပိုက်မှုကို သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
တအာင်းတပ်မတော် (TNLA)၏ပြောရေးဆိုခွင့်
ရှိသူ လွေးယေဦးက “တိုက်ပွဲကတော့ ပြင်းထန်နေပါတယ်။ နောင်ချိုမှာရှိတဲ့ ၉၀၂ မှာလည်းပြင်းထန်နေသလို သီပေါမှာရှိတဲ့ ခလရ(၂၃)မှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်”ဟု ​အောက်တိုဘာ ၅ ရက်တွင် People’s Spring သို့ပြောသည်။
​တောင်းခမ်းနှင့် သီပေါမြို့ တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်မှုရှိရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုပိုများသည်ဟု ၎င်းက ဆက်ပြောသည်။
“လက်ရှိကျွန်မတို့ရထားတဲ့ စာရင်းအရဆိုရင်တော့ သီပေါမှာရှိတဲ့ ခလရ (၂၃)ဆို တော်တော်ကိုလူဦး
ရေအားဖြင့်‌ တော့‌ နှစ်ရာကျော်ကျော်လောက်ရှိမယ်ထင်တယ်။ တောင်းခမ်းမှာတော့ နှစ်ရာဝန်းကျင် သုံးရာထဲမှာရှိမှာဖြစ်တယ်”ဟု လွေးယေဦးက ဆက်ပြောသည်။
TNLAနှင့် စစ်ကောင်စီတပ်သည် နောင်ချိုမြို့နယ်တွင်လည်းတိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ နောင်ချိုမြို့နယ် တောင်ခမ်းရွာ နှင့် အနီးဝန်းကျင်ရှိ စစ်ကောင်စီ အမြောက်တပ်ရင်း ၄ခုကို TNLAက ထိုးစစ်ဆင်ခဲ့ရာ တပ်ရင်း ၂ခုကို သိမ်းပိုက်ထားပြီး မစခ(၉၀၂) တပ်ရင်း၊ အမတ(၃၅၄) တပ်ရင်းတို့သာ ကျန်တော့သည်။ အဆိုပါဒေသ၌ တိုက်ပွဲများလည်း နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိပြီး နှစ်ဖက်ထိခိုက်မှုများ ရှိခဲ့သည်။
(TNLA တပ်ဖွဲ့ဝင် အချို့ကို ​ရှေ့တန်း တ​နေရာ၌ ​တွေ့ရစဥ်။ဓါတ်ပုံ-TNLA)