မန္တလေးမှာ အမျိုးသားအချို့ကို ဧည့်စာရင်းအကြောင်းပြဖမ်းဆီးပြီး စစ်တပ်ထဲထည့်

by

in

မန္တလေးမှာ အမျိုးသားအချို့ကို ဧည့်စာရင်းအကြောင်းပြဖမ်းဆီးပြီး စစ်တပ်ထဲထည့်
ဆိုင်းမင်း/People’s Spring

မန္တလေးကရပ်ကွက်တွေမှာ ဧည့်စာရင်းအကြောင်းပြပြီး အမျိုးသားအချို့ကို ဖမ်းဆီးကာ စစ်တပ်ထဲ အဓမ္မဝင်စေတဲ့ ဖြစ်စဉ်တွေ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာလ လဆန်းကနေ တတိယပတ်အတွင်း ပြည်ကြီးတံခွန်၊ အမရပူရ နဲ့ ပုသိမ်ကြီးမြို့နယ်တွေက ရပ်ကွက်တွေ ၊ ကျေးရွာမှာ ညအချိန် ဧည့်စာရင်းစစ်ဆေးတာတွေ ရှိခဲ့တာပါ။
အဲဒီစစ်ဆေးမှုမှာ ပြည်ကြီးတံခွန်မြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်တို့က အမျိုးသား ၂ ဦးကို ဖမ်းဆီးသွားပြီး မန္တလေး တောင်ခြေ က တပ်ဆီ ပို့လိုက်တယ်လို့ ဖမ်းခံရသူတွေရဲ့ မိသားစုဝင်နဲ့နီးစပ်သူတွေ ထံကသိရပါတယ်။
ဖမ်းဆီးခံလိုက်ရသူ ၂ ဦးဟာ လူငယ်တွေ ဖြစ်ပါတယ်။ ၁ဦီးက အသက် ၂၀ အောက်အရွယ်ဖြစ်ပြီး ကျန် ၁ ဦးကတော့ အသက် ၂၅ နှစ် ဝန်းကျင် ရှိပါပြီ။
ဖမ်းခံရပြီးနောက် ကျန်းမာရေးစစ်ဆေးခံရပြီးလက်ရှိမှာ ဆေးရလဒ်ကို စောင့်ဆိုင်းနေရတယ်လို့ စုံစမ်းသိရပါတယ်။
မန္တလေးမှာ စစ်ကောင်စီရဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က ဧည့်စာရင်းစစ်ရာမှာ စစ်တပ်လက်ဝေခံ ပြည်သူစစ်တွေက လက်နက်ကိုင်ပြီး လုံခြုံရေးယူပေးတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
အာဏာသိမ်းကာလအတွင်း ဧည့်စာရင်းစစ်ဆေးမှုကိုတွေ့ရပုံ ( ပုံဟောင်း)
ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး