စစ်ကောင်စီရဲ့‌ လေကြောင်းတိုက်ခိုက်မှု တည်နေရာ မှားယွင်းသွားတာကြောင့် အချင်းချင်း ပစ်ခတ်မှုတွေဖြစ်ပြီး စစ်သား အယောက် ၇၀ ထက်မနည်း သေဆုံးဟုဆို

by

in

စစ်ကောင်စီရဲ့‌ လေကြောင်းတိုက်ခိုက်မှု တည်နေရာ မှားယွင်းသွားတာကြောင့် အချင်းချင်း ပစ်ခတ်မှုတွေဖြစ်ပြီး စစ်သား အယောက် ၇၀ ထက်မနည်း သေဆုံးဟုဆို
အောက်တိုဘာ ၂၊ ၂၀၂၄
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွါးနေချိန် စစ်ကောင်စီဘက်က တည်နေရာ မှားယွင်းပစ်ခတ်မိတာကြောင့် စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှု ဖြစ်ပွါးပြီး အယောက် ၇၀ ထက်မနည်း သေဆုံးသွားတယ်လို့ Generation Z Power အဖွဲ့ကနေ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့၊ မနက်အစောပိုင်းမှာ တော်လှန်ရေးတပ်တွေ အထိုင်ချထားတဲ့ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာကို မန္တလေးဘက်က ထီးတော်မိုးတပ် ၊ တပ်မ၄၄ ၊ ၉၅ တပ် ပူးပေါင်းအင်အား ၄၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“စစ်ကြောင်းထိုးမှာကို သိပြီးသားပါ။ ရွာသာအေးမှာ ရောက်ရှိကတည်းက စစ်ရေးက တင်းနေတာပါဗျ။ လေကြောင်းမလာခင် မနက်အစောတိုးလာတာ နှစ်ဖက်ဖြန့်ပြီးတော့။ တော်လှန်ရေးအဖွဲ့ နေရာယူထားတာတွေနဲ့က မဝေးတော့ဘူး။ မိုင်းကွင်းမှာလည်း သူတို့ အများအပြားထိတယ်။ ဟက်ရှော့တွေလည်း တော်တော်များတယ်။ လက်နက်ကြီးတွေက မင်းကွန်း၊ မတ္တရာ၊ မန်းလေး၊ ညောင်ကုန်းတို့ကနေ ပစ်ကူတယ်။ နောက်ဆုံး ဘယ်လိုမှမရလို့ လေကြောင်းအကူလာတာပါဗျ။” လို့ Generation Z Power တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။
အထိနာနေတဲ့ စစ်ကောင်စီတပ်တွေကို လေကြောင်းပစ်ကူခဲ့ပေမယ့် တည်နေရာ မှားယွင်းပစ်ခတ်မိလို့ စစ်ကောင်စီတပ်သားအချင်းချင်း အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား အနည်းဆုံး ၇၀ နီးပါး သေဆုံးသွားပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အထက်ပါ တာဝန်ရှိသူကပဲ ဆက်လက်ပြီး “တော်လှန်ရေးအဖွဲ့တွေနဲ့ အနီးကပ် တိုက်ပွဲဖြစ်တာဆိုတော့ တည်နေရာကြဲတာတွေက မှားသွားတာပါ။ သူတို့အချင်းချင်း မှားတာပါ။ ကျနော်တို့ဘက်က ရဲဘော် တစ်ဦးပဲ မစိုးရိမ် ဒဏ်ရာရှိတာပါဗျ။” လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကိုတော့ Generation Z Power (MDY) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့၊ BRA LDF ၊ မန္တလေးခရိုင် ပကဖ၊ မတ္တရာမြို့နယ် ပကဖ၊ ချမ်းမြသာစည်မြို့နယ် ပကဖ၊ အောင်ပြေသာစံမြို့နယ် ပကဖ (Thunderbird) ၊ Taw Twin Toopi (LDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ – Generation Z Power ရဲဘော်များ